ဒီညတော့ ကျွန်တော် အိပ်ကောင်းခြင်း အိပ်ရတော့မှာပဲ။ ဒီရောက်ကတည်းက သူကချည်း ဒကာခံခဲ့တဲ့ မင်းသားလေးကို ညစာ လိုက်ကျွေးခဲ့ရတာလေ။ ဒါပေမယ့် ဆိုင်ကိုတော့ သူပဲ ရွေးတာ။ ဒေသခံရှမ်းဆိုင်လေးပါပဲ။ ဘာမှထူးခြားပြီး ကုန်ကျသွားတာလည်း မရှိဘူး။ ဘာပဲဖြစ်ဖြစ်ကျေနပ်သွားတယ်။ ကိုယ်ကျွေးလိုက်ရလို့ ...
စားပြီးတော့ စီးကရက်ဖွာပြီး အဆောင်ပြန်ကြသည်။
ဘာလိုလိုနဲ့ မတ်လဝက် တောင်ရောက်ခဲ့ပြီ။ မနက်ဖြန်ဆိုရင် နယ်ပြန်တဲ့ ကျောင်းသားတွေပြန်ရောက်လာကြတော့မှာလို့တော့ မကြီးနန်းကပြောတာပဲ။ လာမယ့်တနင်္လာဆိုရင် ပုံမှန်စာသင်ချိန်၊ စာကျက်ချိန်အတိုင်း အချိန်ဇယားအပြည့် စ,သင်တော့မှာတဲ့လေ။ ရှေ့နှစ်ပတ်တုန်းကတော့ စာကျက်ချိန်တွေ ဟိုတပေါက် ဒီတပေါက် အားလပ် ပေးထားသေးသည်။ ... အခုတော့ စက်ရုပ်တွေ အလုပ်ပြန်စ လုပ်ရတော့မှာပေါ့ ... ဟူးးး ... သနားဖို့လည်း ကောင်းကြပါပေ၏။
ဒါပေမယ့် သနားစရာ တစ်စက်မှ မကောင်းတဲ့ တစ်ယောက်ကတော့ ...
"ဟေး ရှန်တစ် ... ဒီညတော့ စာကျက်ချိန်လေးတစ်ချိန်ထဲရှိတာကို သွားလိုက်ပါနော် ... ခုလည်း စောစော ပြန်ရောက်တာပဲ ..."
"ဟားးးး ... အကိုဆရာတောင် မသွားရတဲ့ဟာကို ..."
"ဒီညက အကို့ ဂိုက်ည မဟုတ်လို့လေကွာ။ မဟုတ်ရင် တာဝန်ချိန်တိုင်းသွားပါတယ် ..."
"မရဘူး။ မရဘူး ... တော်တန်တိတ် ... သွားဘူးဆို သွားဘူး ..."
ကျွန်တော်သူ့ကို ကြောင်ကြည့်နေမိသည်။ ကောင်ဇိုးရုပ်ကနေ ကလေးဇိုးစကားတွေလည်း ပြောထွက်တာပဲလား။ ဆေးလိပ်သောက်တဲ့ အချိန်ကလွဲရင် ဘယ်အချိန်များ လူကြီးနဲ့တူနေသလဲ ကျွန်တော် မပြောတတ်တော့ဘူး။
ဇိုးဇိုးဇောက်ဇောက်နဲ့ ဆိုင်ကယ်ကို အမိုးအောက် ပြီးစလွယ်ထိုးပြီး ခပ်ဆောင့်ဆောင့်ဝင်သွားတော့တာပဲ။ မသိရင် ကျွန်တော်ပြောတာပဲ မှားသလိုလို။ ပြီးတာပဲ။ ပြောမရလည်း မပြောတော့ဘူး။ ကျွန်တော်လည်း ကိုယ့်အခန်းကိုယ်ဝင်၊ သူလည်း လှေကားတဒုန်းဒုန်းမြည်အောင် အပေါ်တက်သွား။ သူနဲ့ကိုယ့်ကြားမှာ တစ်ဆောင်လုံးက နံရံတွေ၊ ကြမ်းခင်းတွေ အပြင် စိတ်ကောက်ချင်နေတဲ့ ဆိုးနွဲ့နွဲ့သူ့စိတ်တွေက အဆောင်လေထုထဲ ကြီးစိုးနေသလိုလို ခံစားရသည်။
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...