"ရှန်တစ် ... ရှန်တစ် ... သတိရပြီလား ..."
စိုင်းရှန်တစ်မှာ ကုတင်ခေါင်းအုံးကို နောက်မှီထားရင်းမှ ခေါင်းထောင်ကြည့်ဖို့ ကြိုးစားရှာသည်။ သူရောက်ရှိနေသော ပတ်ဝန်းကျင် အသစ်တစ်ခုကို စူးစမ်းချင်ပုံ။
"ရှန်တစ် ဝက်ရူးပြန်သလို တက်ပြီး မေ့လဲသွားလို့။ အခု ဆေးရုံတင်ထားတာ ..."
"စွဝ်စံထွန်း ဆေးရုံလား ..."
"ဟုတ်တယ် ..."
ရှန်တစ်ကတော့ ဒီဆေးရုံကြီးကို ရင်းနှီးပုံ။ ကုတင်ဘေး ပြတင်းပေါက်ကို ကျော်ပြီး လှမ်းမြင်နေရသော ညနေခင်း တောင်တန်းကြီးတွေကို ငေးကြည့်နေရှာသည်။ ကျွန်တော်လည်း ရှန်တစ် သတိရပြီလို့ အကြောင်းကြားလိုက်တော့ ဆရာဝန်၊ ဆရာမတွေ ချက်ချင်းလာကြည့်ကြသည်။ မျက်လုံးကို ဓာတ်မီးထိုးကြည့်လိုက် သွေးပေါင်ချိန်လိုက် တခြားစမ်းသပ်မှုတွေလုပ်လိုက်နှင့် ရှန်တစ်ဘေးမှာ အလုပ်ရှုပ်နေကြ၏။ ရှန်တစ်ကတော့ ခုမှသတိပြန်လည်လာသော လူနာတစ်ယောက်ဖြစ်၍ မူးဝေထိုင်းမှိုင်းနေပုံ။ ဘရစ်နီ၊ သော်က၊ နွေဦး၊ သြသြတို့လည်း လူနာကုတင်နားသို့ တိုးတိတ်စွာ ကပ်လာကြပါသည်။ အကြီးခင်မေသန်းလည်း အောင်သူနှင့်အတူ တပါတည်းလိုက်ပါလာခဲ့သည်။
ဆရာဝန်တွေကတော့ လူနာကို ဘာတွေမှတ်မိသေးလဲ မေးသည်။ ခြေလက်တွေ လှုပ်ရှားခိုင်းကြည့်သည်။ ရှန်တစ် သတိမေ့နေစဉ် သုံးနာရီလောက်အတွင်း ဓာတ်မှန်ရိုက်ပြီးသားဆိုတော့ စမ်းသပ်မှု ရလဒ်တွေအတွက် သိပ်အံ့သြပုံမပေါ်။ ကျွန်တော်တို့ကသာ ရှန်တစ်အကြောင်း ကြားပြီးနောက် အံ့သြဝမ်းနည်း ဖြစ်ရပါသည်။ ဆရာဝန်ကြီးကတော့ ကျွန်တော်တို့အားလုံးကို လျှောက်လမ်းကော်ရီဒါသို့ ခေါ်ဆောင်သွားကာ ဓာတ်မှန်ဖလင်ပြား ထောင်ပြပြီး ...
"လူနာက ဦးနှောက်သွေးကြော ပေါက်သွားတာ။ ဓာတ်မှန်ရဲ့ ဟော့ဒီနေရာလေးကို ကြည့်ရင် ဟိုဘက်ဒီဘက် မတူပဲ ဖြူနေတာလေး တွေ့ရတယ်နော်။ ဦးနှောက်ထဲမှာ သွေးယိုစီးနေတယ်လို့ ပြောရမှာပေါ့။ အဲ့ဒါကြောင့် ရုတ်တရတ် တက်,တာလို့ ပြောလို့ ရနိုင်တယ်။ အခုတော့ အခြေအနေ စောင့်ကြည့်ရအုန်းမယ်။ လူနာ သက်သာအောင်တော့ ကျွန်တော်တို့ ကူညီပေးလို့ ရမှာပါ ..."
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...