မြင်းခုံးတောင်။ ပင်လယ်ရေမျက်နှာပြင် အထက် ၄၉၉၂ပေ။
"ဓာတ်ပုံသွားရိုက်ပြီးပြီလား ... Summit ကျောက်တိုင်နဲ့"
"ဆင်းခါနီးမှ ရိုက်တော့မယ် အကိုဆရာရေ။ အခုထိ ကျောက်တိုင်က လူအုပ်ကြီးနဲ့ နေရာလွတ်မရသေးဘူး။ ... မောလိုက်တာဗျာ။ တော်ပြီ။ ဒီတစ်သက် ဘယ်တော့မှ ...တောင် မတက်ဘူးးး ...ဟူးးး ..."
ထွန်းနိုင်အောင် ကျောင်းမှ တောင်တက်ကျောင်းသား အဖွဲ့အားလုံး တောင်ထိပ်ရောက်လို့ နားနေကြပြီ။ ကျွန်တော်နှင့် ရှန်တစ်တို့ကတော့ လူအုပ်နောက်ဆုံးက ဖြည်းဖြည်းချင်းတက်တာဆိုတော့ ရောက်လို့မှ သိပ်မကြာသေး။ ရှန်တစ်က အမောမခံနိုင်တော့ ဖြည်းဖြည်းချင်း တက်ယူရတယ်။ လူကလည်း ပိန်၊ ဆေးလိပ်ကလည်း သောက်တတ်သူဆိုတော့ ကာယလေ့ကျင့်ခန်းတွေနဲ့ ရှန်တစ်နဲ့ သိပ်ဓာတ်မတည့်ဘူးလေ။
စိုင်းရှန်တစ် တစ်ယောက်ကတော့ ကျောက်တုံးတစ်တုံးပေါ်ထိုင်နားရင်း ဓာတ်ဆားရည်ဘူးကို လေးဘူးမြောက်လားမသိ ဖျော်သောက်နေ၏။ သောက်ပြီးတော့ သူ့အိတ်ထဲ သယ်လာခဲ့တဲ့ လက်ကျန်မုန့်တွေ ဖောက်စားပြန်သည်။ အသက်ရှူသံကလည်း အခုထိ မငြိမ်သေး။ မောလို့မပြီးနိုင်သေးဘူးထင်ရဲ့။ ရင်ဘတ်ကြီးကလည်း မသိရင် ဖားဖိုကြီးထိုးနေသလို။ ဆေးလိပ်တအားသောက်တော့ ဘယ်အမောခံနိုင်မလဲ။
"ထမင်း မစားဘူးလား ရှန်တစ် ... ဗိုက်ဆာနေအုန်းမယ်နော်"
"အကိုဆရာပဲ စားပါတော့ဗျာ။ ကျောက်ခဲထမင်းတုံးတွေနဲ့ SlimBody ကြက်တောင်ပံကြော်ကို ဘယ်လို သွားစားဝင်မတုန်း။ မြေပဲလှော်ကလည်း ဘယ်ရာသီထဲကလှော်ထားလို့ အဲ့လောက်ပျော့နေတာလည်း မသိဘူး။ အစားသောက်က ညံ့လိုက်တာ။ အဲ့ဒါကြောင့် ကျောင်းက လုပ်တာ ကျွန်တော့်အတွက်တော့ အဆိပ်တွေပဲလို့ ပြောတာ ..."
"အကိုတော့ စားလိုက်တာကုန်ပြီ။ ဗိုက်ဆာနေလို့နဲ့တူပါတယ် ..."
"ဟားးး။ ဗိုက်ဆာနေတာများ ကျွန်တော့်ကို ပြောတာမဟုတ်ဘူး။ ကျွန်တော့်မှာ ကွတ်ကီးတွေ သုံးပါကင်လောက်ပါတယ်။ ဒီလူတွေ အားနာစရာမှ မဟုတ်တာ ..."

YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...