ဇူလိုင်လ ၆ရက်နေ့။ စိုင်းရှန်တစ် မွေးနေ့။ တနင်္ဂနွေနေ့ကျသည်။
ထုံးစံအတိုင်း တနင်္ဂနွေမနက်ခင်းဆိုတော့ မနက်ပိုင်း စာကျက်ချိန်ကို အနားပေးထား၏။ ဒီတော့ ကျောင်းတစ်ဝင်းလုံး အိပ်မောကျလို့ ကောင်းတုန်း။
စနေ၊ တနင်္ဂနွေမှာက မနက်ပိုင်း စာသင်ချိန်တွေလည်း မရှိ။ ကျောင်းသားတွေ လွတ်လပ်စွာဖြင့် စာစီစာကုံး၊ Essay တွေ လေ့လာချိန်ပေးထားတာဆိုတော့ ဆရာတွေလည်း အလုပ်မရှိပါ။ တချို့ဆရာတွေ အိမ်ပြန်ကြတာရှိ၏။ တချို့ဆရာတွေကျတော့ မြို့နီးချုပ်စပ် အလည်ထွက်တတ်ကြသည်။ သူတို့နည်းတူ ကျွန်တော်လည်း သွားစရာရှိပါသည်လေ။ နောက်တစ်ပတ် တောင်တက်ခရီးစဉ်အတွက် မိုးကာဆင်တူတွေကို ကျောင်းတံဆိပ်သွားရိုက်နှိပ်ရန်အတွက် တောင်ကြီး သွားရမည့် ကိစ္စပေါ့။
တကယ်တမ်းကျ မိုးကာတံဆိပ်သွားရိုက်တာက မိုးကာရောင်းတဲ့ လက္ကားဆိုင်နဲ့ တံဆိပ်ရိုက်နှိပ်တဲ့ ဆိုင်ကို ချိတ်ဆတ်ပေးလိုက်ရုံသာ။ လူကိုယ်တိုင်မသွားပဲ ဖုန်းနှင့် လှမ်းဆက်လိုက်လျှင်တောင် အလုပ်ဖြစ်နိုင်လောက်သည်။ ဒါပေမယ့် ဒီကိစ္စက အကြီးကိုယ်တိုင် ကျွန်တော့်ကို ယုံကြည်စိတ်ချစွာအပ်ထားတာဆိုတော့ ပေါ့ပျက်ပျက် မလုပ်ချင်။ လူကိုယ်တိုင်သွားပြီး ကိုယ်တိုင် ရွေးချယ်စီစစ်ချင်သည်။ တော်ကြာ အရောင်မှိန်တာတို့၊ ဇောက်ထိုးဖြစ်တာတို့၊ လိုချင်တဲ့အတိုင်း မဖြစ်တာတို့အတွက် စိတ်ကလည်း ပူရသေးသည်လေ။
"ပီး ပီးးး ..."
ဆိုင်ကယ်ဟွန်းတီးသံတောင် ကြားနေရပြီဆိုတော့ စိုင်းရှန်တစ် တစ်ယောက် စိတ်မရှည်နိုင်တော့ကြောင်း ခန့်မှန်းနိုင်ပါ၏။ ကျွန်တော်လည်း အကြိမ်ကြိမ်ပုံသွင်းပြီးသော ဆံပင်ကို နောက်ဆုံးတစ်ခေါက် စပရေးဖြန်းလိုက်ကာ ရေမွှေးကိုလည်း တစ်ကိုယ်လုံး ဆွတ်လိုက်၏။ နဂို ခပ်သင်းသင်း ရေမွှေးမှာ ယခုတော့ မွှန်ထော်လို့။ ရှန်တစ်တော့ ဘယ်လောက်တောင် နှာခေါင်းရှုံ့လိမ့်မလဲ မသိပါ။
"လာပါပြီဟ ... ခုမှ ၆နာရီကျော်ကျော်ပဲ ရှိသေးတာ။ အစောကြီးကို ..."
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...