တစ်လ ကြာပြီးနောက် ...
သြဂုတ်လ၏ မိုးသည် ပို၍ သည်းထန်၏။ တစ်ခါတလေ တစ်နေကုန်လည်း ရွာနေတတ်ကာ ပျင်းရိချင်စရာတောင် ကောင်းသည်။
ခုလည်း တောင်ပေါ်မြို့ကလေး တစ်မြို့ဖြစ်သော မြင်းမိုင်ဆီသို့ ရထားစီးလာခဲ့ရာ လမ်းတလျှောက်လုံး မိုးမတိတ်။ ဖွဲလိုက် သည်းလိုက်နှင့် ဒေသတစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့ရာမှ လွင်ပြင်တွေကျော်၍ တောင်တန်းဒေသဘက် ခုတ်မောင်းလာခဲ့ပြီ။
ထင်းရှူးပင်တန်းတွေ၊ မှိုင်းညို့ညို့တောင်တန်းတွေနှင့် နီးလာလေလေ မြင်းမိုင်မြို့၏ အငွေ့အသက်ကို ခံစားမိလေလေ။
ဒီလိုနှင့်ပဲ မြင်းခုံဘူတာဆီသို့ ဒုတိယအကြိမ် ဆိုက်ရောက်ခဲ့ပြန်ပါပြီ။ ဒီတစ်ခါတော့ ပထမတစ်ခေါက်ကလို အထုတ်မများ။ ဘရစ်နီတို့လို ရှယ်အဆောင်မှာ နေခဲ့တာဆိုတော့ ကိုယ့်အထုတ်၊ ကိုယ့်ပစ္စည်းတွေကို ကိုယ့်အခန်းမှာ ချန်ထားခဲ့တာလေ။ ပြီးတော့ ဒီတစ်ခေါက် မြင်းမိုင်ကို ပြန်လာခြင်းမှာ ကြိုတင်လည်း အကြောင်းမကြားထားတော့ လာကြိုမည့်သူမရှိ။ ကိုယ့်ဟာကိုယ်ပဲ သုံးဘီးဆိုင်ကယ်တစ်စီး ငှားလိုက်ရ၏။
မြို့လယ်ခေါင် မြေနီလမ်းမကြီးမှာ အရင်အတိုင်း စိုစွတ် အိုင်ထွန်းလို့ ။ မနက်စာ၊ ညစာ စားသောက်ခဲ့သည့် စားသောက်ဆိုင်တန်းတွေမှာလည်း နေ့လယ်ခင်းမို့ လူသူရှင်းလင်းနေလေရဲ့။ မြို့မစျေးရုံကြီးမှာလည်း စျေးကွဲသွားခဲ့ပြီ။ မိုးတစိမ့်စိမ့်ကျနေတော့ လမ်းမပေါ် သွားလာသူ ခပ်ရှားရှား။ ဒီလိုရာသီဥတုနဲ့တော့ နေ့လယ်နေ့ခင်း ခွေအိပ်နေကြမပေါ့။ ဟော ... မြင်းမိုင်မြို့ရဲ့ တစ်ဆိုင်တည်းသော ကိုသားကြီး အမျိုးသားဆံသဆိုင်မှာတောင် ဆံသဆရာ အသစ်ထပ်ရောက်နေလေပြီ။ မိုးတစိမ့်စိမ့်ကျနေတဲ့ မြို့မြင်ကွင်းက ခံစားတတ်သူတစ်ယောက်အတွက်တော့ တိတ်တိတ်လေး ကျိတ်ငိုနေတဲ့ မြို့တစ်မြို့လိုပါပဲ။
ဒီလိုနှင့် မြို့လယ်လမ်းမကြီး တဆုံးစီးပြီးတော့ ထွန်းနိုင်အောင် ကျောင်းဝင်းဂိတ်ကြီးကို ဆိုက်မြိုက်ခဲ့ပါပြီလေ။ ကျောင်းစောင့်ကြီး ဘစွမ်ကတော့ ကျွန်တော့်မြင်တာနှင့် ဝမ်းသာအားရ ဂိတ်တံခါးဖွင့်ပေးရှာပါသည်။ နှစ်ရှည်လများ မတွေ့တာကြာတဲ့ မိတ်ဟောင်းတစ်ယောက်နှင့် ပြန်ဆုံတွေ့သကဲ့သို့ ရွှင်ပြုံးကြိုဆိုလျက် ...
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...