နှစ်ယောက်သား ဆိုင်ကယ်နှင့်မို့ ညနေ ငါးနာရီ မထိုးခင် မြင်းမိုင်မြို့ကလေးဆီ ပြန်ဝင်နိုင်ကြ၏။
ထွန်းနိုင်အောင်ကျောင်းရှေ့ရောက်တော့ ငါးနာရီ အတိ။ နှစ်ယောက်သား ကျောင်းဝင်းဂိတ်ဝ၌ ဆိုင်ကယ်က ဆင်းပြီး ကိုယ့်ရှယ်အဆောင်ဆီ ပင်ပန်းပျင်းရိစွာ လျှောက်ရသေးသည်။ အဆောင်ထဲမဝင်ခင် အရင်ဆုံး အနောက်ဘက်က အုတ်ရေကန်ကို လှမ်းခဲ့ကြ၏။ တစ်ကိုယ်လုံးလည်း ရွှံ့တွေနဲ့ ညစ်ပတ်ပေတူးနေတော့ ရေချိုးသန့်ရှင်းရအုန်းမည်လေ။
"စဉ်းစားကြည့်ပါအုန်း အကိုဆရာရယ်။ အားတော့ နာပါတယ်။ အကို့ကြီးတော်ကြီးက တောင်တက်ချိန်ရောက်တိုင်း သူငယ်နှပ်စား စကားတွေ တအားပြောတာပဲ။ အာ့ကြောင့် ကလေးစိတ်မပျောက်သေးတဲ့ ကျောင်းသားတွေ လှိမ့်ခံရတာ။ ကျွန်တော်ကတော့ အာ့မျိုး စိတ်ဓာတ်စစ်ဆင်ရေး စကားတွေ ရိုးနေပြီ ... ဘွားတော်ကြီး ပြောတာဘာတဲ့ ... တောင်တက်တာ ဘဝသင်ခန်းစာရတယ်၊ ဘာညာ ဘာညာ ... ဖြည်းဖြည်းမှန်မှန် တက်ရတယ်၊ အလယ်မှာ ကြာကြာမနားနဲ့၊ တောင်ထိပ်ရောက်မှနား ဘလာ ဘလာ ဘလာ ... ဟူးးး ... အဲ့ဒါမှန်တယ်ထင်လား အကိုဆရာ။ နှစ်တိုင်း ပြောသင့်တယ်ထင်လား ...ဟမ်း ..."
"မကြားဖူးသေးရင်တော့ ပထမအကြိမ်လောက် စိတ်ဓာတ်တက်ကြွတာပေါ့။ ကျောင်းသားတွေဆိုတာ ဒီလိုပဲ စိတ်ခွန်အား ပေးရတာပဲလေ ... ဟဲဟဲ ... ရှန်တစ်လို စိတ်ခွန်အားပြည့်ဝနေရင်တော့ မလိုဘူးပေါ့ ..."
ကိုယ့်မှာ သူ့ကိုလည်း မြှောက်ပင့်ပြောရသေးသည်။ ကိုယ့်အကြီး မိန့်ခွန်းကို ဘာတွေ ငြင်းဆန်တော့မလဲ မသိ။ ကျွန်တော့်စကား နားထောင်ပြီးနောက် ရှန်တစ်မျက်နှာထားကတော့ နှုတ်ခမ်းထော်ထော် မျက်မှောင်ကြုတ်ကြုတ်နဲ့ ...
"အင်းလေ ... အကိုဆရာက စကားလှအောင် ပြောနေပြန်ပြီ။ ကျွန်တော်ပြောချင်တဲ့ သဘောတရား အကိုဆရာ့စကားမှာ ပါသွားတယ်။ သတိထားမိလား။ ... စိတ်ခွန်အားပေးရတယ်ဆိုတာလေ ... အဲ့ဒါ အလကား။ လိမ်ဆင်တွေ။ ဟုတ်တယ် ပထမဆုံး ဘွားတော်စကား ကြားတာဆိုရင်တော့ အကိုပြောသလို ဟုတ်လိမ့်မယ်။ နှစ်တိုင်း အတန်းတိုင်း အခန်းတိုင်းကို အဲ့မိန်းခွန်းချည်း အပ်ကြောင်းထပ်နေရင်တော့ သိပ်ကြားမကောင်းတော့ဘူးလေ။ အတွေးခေါ်တွေက ပြောင်းလဲကုန်ပြီ။ ... လူတိုင်း ထိပ်ဆုံးရောက်ပြီး အောင်မြင်ချင်ကြဖို့ မတိုက်တွန်းသင့်တော့ဘူး။ အောင်မြင်တာ ဘဝမှ မဟုတ်တာ။ ...ဘဝဆိုတာ သေဖို့ မွေးလာပြီး၊ ငရဲပျော့ပျော့ နေ့ရက်တွေ ဖြတ်သန်းရတာက သူ့အဓိပ္ပာယ် အစစ်ပဲ ... ကျွန်တော်ပြောတာ မဟုတ်ဘူးလား။ အကိုဆရာ့ကြီးတော် ပြောသလိုသာဆိုရင် လူတိုင်း တောင်တက်ပြီး တောင်ပေါ်မှာပဲ နေကြပါလား။ နေနိုင်ကြလို့လား။
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...