(၂၉) Unicode

201 31 1
                                    

တစ်လကြာခဲ့ပြီ။

စက်တင်ဘာလ၏ လလယ်ခေါင်မိုးသည် မဖျောက်တဖျောက် ရွာသွန်းတတ်သည်။ သည်းလည်း မသည်း။ ကျဲလည်းမကျဲ။ နေပူလျှင်တော့ "တော်သလင်းနေ ပုဇွန်သေ" ဆိုသည့်အတိုင်း ကျောပင်ကော့စေပါ၏။

ဒီကနေ့ရာသီဥတုကတော့ မိုးလင်းကတည်းက မိုးရွာတလှည့် နေဖြာတလှည့်။ ခုတော့ မိုးတပြန်ရွာနေပါသည်။

ကျွန်တော်ကတော့ ခရမ်းကုန်းပေါ်မှာ စောင့်လို့။ ဒီကနေ့ ရှန်တစ် မြင်းမိုင်ကို ပြန်ရောက်လိမ့်မည်ဟု ကြိုတင်သတင်းရောက်ထား၍ စောင့်နှင့်နေပါသည်။ လေ့ကျင့်ခန်းတွေ အားစိုက်လုပ်ပြီးကတည်းက ပိုမိုသက်သာလာပြီဟုသာ ကြားသိရလျက် စာမလာ ပုံမမြင်ရသည်မှာ နှစ်ပတ်ကျော်ကျော်မျှ ရှိခဲ့လေပြီ။ ဉာဏ်လေးမှတဆင့် အဆက်အသွယ်လုပ်ရသော်လည်း ဉာဏ်လေးကိုယ်တိုင်က ကျွန်တော့်ကို တက်တက်ကြွကြွ စာမပြန်ခဲ့။ သို့နှင့် ကျွန်တော့်မှာသာ လွမ်းလို့ မျှော်လို့ စောင့်လို့ ဆုတောင်းလို့ ...

ခုလည်း ခရမ်းကုန်းပေါ်မှာ ကိုယ်တည်ထားတဲ့ ထုံးစေတီလေးဘေး ထိုင်၍ စောင့်ဆိုင်းနေမိပါသည်။

ရိုးရိုး စောင့်ဆိုင်းနေခြင်းတော့ မဟုတ်။ ရည်ရွယ်ချက်တစ်ခု၊ အဓိပ္ပာယ်တစ်ခု၊ မျှော်လင့်ချက်တစ်ခု၊ အသည်းနှလုံး တစ်ခုနှင့် လှပသော အနာဂတ်တစ်ခုအတွက် စောင့်ဆိုင်းနေခြင်း။ ထိုတစ်ခုဆီသော အရာတိုင်းအတွက် အဓိပ္ပာယ်ပြည့်စုံစေမည့် သင်္ကေတတစ်ခုကိုလည်း ကျွန်တော့်ကိုယ်ပေါ်တွင် ဝတ်ဆင်ထားပါသည်။ ထိုအရာကား ...

ဟူဒီ အနွေးထည် ... ရှန်တစ်ကို မွေးနေ့တုန်းက လက်ဆောင်ပေးခဲ့သော ဟူဒီအနွေးထည်။

ပေးတုန်းကတော့ မိုးပြာသားအပြာနုရောင်နှင့် ဗြောင်ဟူဒီတစ်ထည်။ သို့သော် ရှန်တစ်မှာ အဲ့နေ့က ရလျှင်ရချင်း ဆိုင်ထဲပြန်ဝင်ပြီး တံဆိပ်ရိုက်ခိုင်းခဲ့သည်လေ။ ရှန်တစ်မှာခဲ့သည့် ဒီဇိုင်း အော်ဒါကပဲ ဆွဲရခက်လို့လား၊ မြင်းမိုင်ကို လာပို့ခဲ့ရတဲ့ ခရီးကပဲ ဝေးလွန်းလို့လားမသိ။ ရှန်တစ် မွေးနေ့က မှာခဲ့သော အော်ဒါမှာ နှစ်လကြာပြီးနောက် အရင်အပတ်ကမှ ကျောင်းဝင်းကို လာပို့သွားခဲ့သည်။

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now