(၄) Unicode

397 49 23
                                    

နွေဦးညနေပိုင်းဆိုတော့ သိပ်မအေးလှ။ ဂျင်းပန်နှင့် ရှပ်အင်္ကျီလက်တိုလေးသာ ဝတ်လိုက်သည်။ ရေမွှေးခပ်သင်းသင်းဆွတ်၊ ဖီးလိမ်းသပ်တင်ပြီးသားဆံပင်ကို နောက်ဆုံးအကြိမ်အဖြစ် မှန်ထဲ ယုယပြီးချိန်မှာတော့ ကိုယ့်အခန်းထဲမှ ထွက်ခဲ့လိုက်ပါ၏။ မြန်မြန်ထွက်မှလည်း ကောင်းတော့မည်လေ။ အဘယ့်ကြောင့်ဆိုသော် ဟိုကောင်ဇိုးလေး ရှန်တစ်က အဆောင်ရှေ့မှာ ကျွန်တော့်ကို စောင့်ရင်း ဆိုင်ကယ်စက်နှိုးပြီးတာ ကြာနှင့်ပြီ။ ကျွန်တော့်အခန်းထဲကနေ မကြားကြားအောင်လည်း အိတ်ဇောကို တစ်ချက်ချက် ဆောင့်နှိုးနေသ၍ ကိုယ့်မှာ လောနေရပါတော့၏။

အဆောင်ရှေ့လည်းရောက်ရော ဆိုင်ကယ်ပေါ်အဆင်သင့် ထိုင်နှင့်ပြီးသား ရှန်တစ်မှာ မျက်မှောင်တကြုတ်ကြုတ် နှာခေါင်းတရှုတ်ရှုတ်နှင့်။ ကျွန်တော် ကြာနေတာကို စိတ်မရှည်လို့လား၊ ကျွန်တော့်ရေမွှေးနံ့ကို မခံနိုင်လို့လား မသိပါ။ သို့သော်လည်း ဘာမှတော့ မပြော။ ကျွန်တော်လည်း သူ့အနောက်ကနေပဲ ဆိုင်ကယ်ကို ခွတက်လိုက်ပါသည်။ ကျွန်တော် မြဲမြဲမြံမြံထိုင်ပြီးပြီဆိုမှ သူက ဆိုင်ကယ် စ,ထွက်သည်။

နှစ်ယောက်စလုံး ဦးထုပ်တောင် မဆောင်းကြ။ သူ မဆောင်းတော့ ကိုယ်လည်း မတောင်းတော့ပါဘူးလေ။ ပုံမှန် ကြောက်တတ်တဲ့ ကျွန်တော်တောင် အခုကျမှပဲ သူစိမ်းတစ်ယောက်နဲ့ ဦးထုပ်မပါပဲ ဆိုင်ကယ်စီးနေမိပြီ။

"ဆိုင်ကယ်က ကျောင်းဝင်းထဲ မောင်းလို့ရလို့လား ... ရှန်တစ် ..."

ဆိုင်ကယ်က ကျွန်တော်တို့ ရှယ်အဆောင်ကနေပြီးတော့ ယောကျ်ားလေး ဟောအဆောင်ဘက်ကို အရင်မောင်းရသည်။ ပြီးတော့မှ ပန်းခြံကို ပတ်မောင်းပြီး ပင်မဆောင်ရှေ့ထိ မြေနီလမ်းအတိုင်းမောင်းခဲ့ပါ၏။ မြေနီလမ်းကတော့ စီးလို့ သိပ်မကောင်းပေမယ့် မောင်းရလောက်အောင်တော့ မြေညီရှာပါသည်။ တခါတလေတော့ ချိုင့်ခွက်တွေ ရှောင်ရင်း မြက်ခင်းပေါ်ဖြတ်မောင်းရတာလည်းရှိ၏။ ဒီတော့ ဆိုင်ကယ် ဖြတ်သွားတိုင်း ကျောင်းဝင်းထဲက မြက်ခင်းတွေ၊ လျှောက်လမ်းတွေ ပျက်စီးနိုင်လောက်သည်။ ကျောင်းဝင်းထဲမှာလည်း မည်သည့်ဆိုင်ကယ်မှ ရပ်ထားတာမတွေ့ရ။ ဆိုင်ကယ်အားလုံးမှာ ပင်မဆောင်ရှေ့က စင်ဝင်အောက်မှာပဲ ရပ်ထားကြသည်။ ဒါကြောင့် ကျောင်းဝင်းထဲ မောင်းရ၊ မရ မေးလိုက်ခြင်း။

မေတ္တာ သစ္စာ စိန်ပန်းပြာWhere stories live. Discover now