တစ်ရက်ပြီး တစ်ရက် နေသားကျလို့လာခဲ့ပြီ။ ကျောင်းသားသစ်တွေ၊ ရှန်တစ်ရဲ့ သူငယ်ချင်းသစ်တွေ ရောက်လာပြီးတော့ အဆောင်က စည်ကားလာသည်။ အဆောင်နှင့် ပိုတူလာသည်။ နေ့ရက်တွေက ပိုလန်းဆန်းလာသည်။ မိုးလင်းတဲ့အခါ ငှက်သံတွေထက် စကားပြောသံတွေ၊ ခြေလှမ်းသံတွေ၊ ဆိုင်ကယ်စက်နှိုးသံတွေ ပိုကြားလာရသည်။
ညဘက်တွေဆိုလည်း ပုရစ်သံ၊ ဖားသံ၊ ဇီးကွက်သံတွေ အစား ဂစ်တာတီးသံတွေ သီချင်းညီးသံတွေက ပို အစားထိုးလာသည်။ တစ်ခါတလေ အဆောင်ရှေ့၊ တခါတလေ အဆောင်ဘေးက မြက်ခင်းပြင်မှာ တီးကြ၊ ဆိုကြသည်။ အသံကတော့ အောင်ချင်လည်းအောင်၊ ကြောင်ချင်လည်း ကြောင်။ တစ်ယောက်တစ်ပေါက် ဆိုကြတာပဲ။ ကိုယ်တွေ အဆောင်ကလည်း ကျောင်းဝင်းတစ်ခုလုံးရဲ့ အစွန်ဆုံး၊ မြင်းမိုင်တစ်မြို့လုံးရဲ့ ဂိတ်ဆုံးမှာဆိုတော့ ဘယ်သူ့ အားနာစရာရှိလို့။ အားနာချင်းနာ ဒီနယ်ကို စောင့်ရှောက်တဲ့ အမေကြီးမြချိန်ပဲ အားနာရတော့မပေါ့။
အမေကြီးမြချိန်ကတော့ ကိုယ်တွေကိုပဲ အားပေးနေလို့လား မသိ။ နွေနှောင်းပိုင်းရောက်လာပြီဆိုတော့ တစ်နေကုန်ရော တစ်ညလုံးရော အပွင့်တွေ တဖြုတ်ဖြုတ်ကို ကြွေနေတာ့တာပါပဲ။ အဆောင်နောက်က ခရမ်းကုန်းပေါ်မှာရော၊ မြို့ထဲရှိရှိသမျှ စိန်ပန်းပြာပင်တိုင်းရောပေါ့။ အပွင့်တွေ အကြွေများလေ၊ ယုံကြည်သူတွေလည်း စည်ကားလေပဲ။ ကျောက်ခဲစေတီကလေးတွေမှ ဟိုအပင်အောက်တစ်စု၊ ဒီအပင်အောက်တစ်စုနဲ့။ ဆုတောင်းကြ၊ တိုင်တည်ကြ၊ ကျိန်ဆိုကြပေါ့။ အို ... စုံလို့ ... ယုံလို့ပါပဲ။
ဘရစ်နီတို့ သော်က တို့လည်း မြို့ထဲရောက်လို့ စိန်ပန်းပင်အောက်ရောက်တိုင်း ကျောက်ခဲလေး တည်ပြီး ဆုတောင်းရတာ အမော။ ဘရစ်နီကတော့ ဘာဆုတောင်းမလဲ လူတိုင်းခန့်မှန်းနိုင်ပေမယ့် ကျန်တဲ့သူတွေကတော့ ဘာတွေဆုတောင်းကြလဲ ဘယ်သိပါ့မလဲ။ ကိုယ်တောင်းချင်တာ တောင်းကြမပေါ့။
ဆုတောင်းခြင်းဟာ ကမ္ဘာဦးအစကတည်းက ရခဲ့တဲ့ လွတ်လပ်ခွင့်တစ်မျိုးပဲလေ။ ဘယ်သူပိတ်ပင်နိုင်လို့လဲ။
ဒီလိုနဲ့ တစ်ဆောင်တည်းနေ ကျောင်းသားတွေနဲ့ ကျွန်တော်နဲ့ အဖွဲ့ကျနေလိုက်ကြတာ ကျောင်းပိတ်ရက်ညတွေ ဆိုရင်တော့ ဘီယာဘူးလေးတွေတောင် ပါလိုက်သေး။ အဲ့ဒါကလည်း စာကျက်ချိန်တွေပြီးမှ တီးကြ၊ ဆိုကြ၊ သောက်ကြ၊ ပျော်ကြတာပါ။ စာကျက်ချိန်တော့ မထိခိုက်ဘူး။ အလွန်ဆုံး ဆိုကြလည်း နာရီဝက် တစ်နာရီပဲ။ ပုံမှန်ချိန်ကတော့ ည ၁၀ခွဲ စာကျက်ချိန်ပြီးတာနဲ့ လူစုံရင်စပြီ။ သန်းခေါင်ထိုးရင်တော့ ကိုယ့်အခန်းကိုယ် ပြန်အိပ်ကြပါတယ်။

DU LIEST GERADE
မေတ္တာ သစ္စာ စိန်ပန်းပြာ
Aktuelle Literaturမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...