တောင်ကုန်းပေါ်လည်းရောက်ရော ကျွန်တော့်မျက်လုံးတွေ ပြုတ်ကျမတတ် ပြူးထွက်ကုန်သည် ...
"ဟားး ... ကျောက်ခဲစေတီ ..."
ဒုက္ခပါပဲ။ ရုတ်တရတ်မို့ ကျွန်တော့်ပါးစပ်က အာမေဋိတ်သံထွက်သွား၏။ ခရမ်းကုန်းပေါ်၊ စိန်ပန်းပြာပင်အောက်က ကျောက်ခဲစေတီမှာ ပြိုကျပျက်စီးလို့။ တစ်လုံးချင်းဆီ စုပုံပြီးတည်ထားတဲ့ ကျောက်ခဲတွေ မြေကြီးပေါ် ကျဲပလားလို့။ ကျွန်တော်တောင် ကျောက်ခဲနှစ်လုံး ဌာပနာပြီး ဆုတောင်းထားခဲ့သည့် စေတီလေ။ အခုတော့ ကျောက်ခဲတုံးတွေ ပြိုကျပြီး လွင့်စင်ပြန့်ကျဲနေပါပကောလား ...ပြီးတော့ ကျောက်ခဲစေတီပုံနားမှာ မှောက်ရက်လဲနေတဲ့ အောင်သူနဲ့ ဘရစ်နီ ... ကျွန်တော်နဲ့ရှန်တစ်လည်း ရောက်လာရော အောင်သူ့ကိုယ်ပေါ် တက်ဖိထားတဲ့ ဘရစ်နီမှာ ပြာပြာသလဲလဲနှင့် ထလာပြီး ...
"အတစ် ... အတစ် ... ငါ ... ငါ တောင်းပန်ပါတယ်ဟာ ... ခိုခိုအောင့်ကို ကြည်စားသမှုနဲ့ လိုက်ရင်း မှောင်နေတော့ တိုက်မိသွားတာ။ ငါ ... ငါ ပြန်တည်ပေးပါ့မယ်ဟာ ..."
ကျွန်တော့်မှာလည်း ဘရစ်နီပြောတော့မှ သတိရပါ၏။ ဒီစေတီက ရှန်တစ်တို့ မိသားစုပဲ ဆုတောင်းကြတယ်ဆိုတဲ့ စေတီ။ ဘရစ်နီလည်း ဒီလောက်တော့ သိလောက်သည်။ ဒါကြောင့်လည်း ရှန်တစ် စိတ်ဆိုးမှာကြောက်လို့ တုန်တုန်ယင်ယင်နှင့် တောင်းပန်ကာ မြေကြီးပေါ် ကျဲပလားနေသည့် ကျောက်ခဲပုံတွေကို ကောက်မိသမျှ စုပြီး ပြန်တည်ပေးနေခြင်း။ ကျွန်တော့်မှာတော့ ပြိုကျနေသည့် စေတီကလေးကို ကြည့်လိုက်၊ ကျောက်ခဲတွေ လိုက်ကောက်နေသည့် ဘရစ်နီနှင့် အောင်သူ့ကို ကြည့်လိုက်၊ အမှောင်ထဲညိုမည်း ပုပ်သိုးနေသည့် ရှန်တစ်ရဲ့ မျက်နှာကိုကြည့်လိုက်နှင့် ဘာပြောရမှန်းတောင်မသိ။ ရှန်တစ်တော့ တော်တော်လေး စိတ်ဆိုးနေတော့မှာပဲ။ ကျွန်တော်လည်း အခြေနေကို ဘယ်လိုထိန်းသိမ်းရမှန်း မသိခင်မှာပင် ...
"တောက်ခ် ... အဲ့ဒါကြောင့် ကျောင်းအနောက်ဘက်ကို ဘယ်သူမှ သွားလို့မရအောင် စည်းရိုးခတ်ပါလို့ ဘွားတော်ကို ပြောတာ ... ဖြစ်ပြီးမှတော့ ထားလိုက်ပါတော့ ... နောက်ခါဆို သူစိမ်းတွေ တောင်ကုန်းပေါ် မခေါ်စမ်းနဲ့ ဘရစ်နီ ... ငါ အဆောင်ပြန်တော့မယ် ..."
ČTEŠ
မေတ္တာ သစ္စာ စိန်ပန်းပြာ
Beletrieမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...