စိုင်းရှန်တစ်ဆိုသည့် ကျွန်တော်မြတ်နိုးရသော ကောင်လေးတစ်ယောက်၏ ငယ်ဘဝ အကြောင်းကို ကာယကံရှင်ဆီမှ သိပ်မကြားရ။ တပါးသူများ ပြောစကားတွေမှသာ ကြားသိခဲ့ရသည်။ ပထမဆုံး အကြီးခင်မေသန်း၊ နောက်တော့ ဘရစ်နီ ... အခုတော့ သူ့အကိုဝမ်းကွဲ စိုင်းဉာဏ်ထွဋ်ဆီမှ ... တစ်ယောက်နှင့်တစ်ယောက် ပြောပြပုံ၊ ရှုမြင်ယုံကြည်ကြပုံတွေချင်းတော့ မတူကြ။ မည်သူ့ဟာကို အတည်ယူရမည်ကား ချင့်ချိန်စဉ်းစားစရာ ... အခု စိုင်းဉာဏ်ထွဋ်ကတော့ ...
"ရှန်တစ်ကလေးက ငယ်ငယ်ကတည်းက သနားစရာ သိပ်ကောင်းတယ် အကိုထက်အိမ်ရယ်။ သူ့ခမျာ မိဘဘိုးဘွားပိုင်မြေမှာ နေရပေမယ့် မိဘဘိုးဘွားများနဲ့ မနေရဘူး။ တစ်ယောက်ပြီး တစ်ယောက် သူငယ်ငယ်ကတည်းက စွန့်ခွာသွားလိုက်တာ မိဘမဲ့ဘဝ ရောက်ရရှာတယ်။ ရှန်တစ်အမေဆုံးတုန်းက ရှန်တစ် ဆယ်နှစ်တောင်မပြည့်သေးဘူးနဲ့တူတယ်။ အဖေပြောတာတော့ ရှန်တစ်အမေက ရုတ်ချည်း အမောထဖောက်ပြီးတော့ ဆုံးတာလေ။ ရှန်တစ်အဖေ၊ ဉာဏ့်ဘကြီး ဦးစိုင်းရှန် ခမျာလည်း သူ့ဇနီးဆုံးပြီး စိတ်မခိုင်တော့ဘူး။ အရက်ချည်းလှိမ့်သောက်ရင်း တစ်နှစ်လောက်ကြာတော့ ရှန်တစ်အမေနောက် လိုက်သွားတာပဲ။ အဲ့ဒီနောက်တော့ ရှန်တစ်လည်း မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်တယ် ပြောရမှာပေါ့ ...
ဉာဏ့်အဖေကတော့ သူ့တူလေး ရှန်တစ်ကို ခေါ်ရှာပါတယ်။ ဉာဏ်တို့နဲ့အတူ နိုင်ငံခြားမှာလိုက်နေဖို့။ ဟိုမှာဆို နိုင်ငံတကာကျောင်းတွေလည်း တက်လို့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဒီမှာထက်ပိုပြီး ကျယ်ပြန့်တယ်လေ။ ဒါပေမယ့် အတစ်လေးက မလိုက်ဘူး။ ဒီရပ်ဒီရွာ ကို မခွာချင်ဘူးတဲ့။ သူ့မိဘတွေ ခေါင်းချခဲ့တဲ့ မြေကို မစွန့်ချင်ဘူးနဲ့တူပါတယ်။ အဲ့မှာ ခက်တော့တာ။ အဖေကလည်း ဟိုဘက်နိုင်ငံမှာ အတည်တကျဖြစ်နေပြီဆိုတော့ ဒီပြန်မလာနိုင်တော့ဘူးပေါ့။ ပြီးတော့ အဖေက သူ့အမျိုးကို စိတ်နာတာရှိသေးတယ်။ ဘာလို့လည်း ဆိုတော့ ...
အဖေတို့ စော်ဘွားမျိုးတွေက ပိုင်ဆိုင်မှု အမွေပေးရင် သားအကြီးကိုပဲ အကုန်ပုံပေးတာလေ။ အာ့ကြောင့် စိတ်နာတာ။ အတန်းပညာသင်ပေးခဲ့တာကလွဲရင် အဖေ့ခမျာ ဘာဆိုဘာမှ မရခဲ့ဘူးတဲ့။ အဲ့တော့ အဖေက ဘာမှ မရမယ်မှန်း အစောကတည်းက ကြိုသိတော့ ငယ်ငယ်နဲ့ နိုင်ငံခြားထွက်ခဲ့တာ။ ကိုယ့်ဟာကိုယ် ပညာထပ်သင်ပြီး ကြိုးစားရုန်းကန်ခဲ့ရတယ်ပေါ့။
ESTÁS LEYENDO
မေတ္တာ သစ္စာ စိန်ပန်းပြာ
Ficción Generalမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...