အကြီး ခင်မေသန်း အိမ်က ဘော်ဒါဆောင်နှင့်ယှဉ်လျှင် ပို၍ မြို့ထဲကျသည်။ သို့ပေလည်း အဆောက်အဦးကတော့ ဘော်ဒါဆောင်လိုပဲ သစ်နှင့် အုတ်တွဲဆောက်ထားလျက် ရိုးရိုးရှင်းရှင်း ဖွဲ့စည်းထားသည်။ တစ်မြို့လုံးက ပရန် ဆရာတွေအားလုံး ဒီလိုပုံစံမျိုးပဲ ဆောက်တတ်တယ်ထင်ပါရဲ့။
အကြီးက အပျိုကြီးဆိုပေမယ့် တစ်ယောက်တည်း နေတာတော့လည်း မဟုတ်။ ဆင်းရဲနွမ်းပါးသော ပအို့သူလေးတွေကို ခေါ်မွေးထားတတ်သည်။ သူတို့တတွေကလည်း အကြီးအိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးသလို၊ အကြီးကျောင်းမှာလည်း အခမဲ့ စာသင်ရလေသေး၏။ ပညာတွေ တတ်သွား၊ အရွယ်ရောက်သွားပြီးမှ လင်ယူသားမွေး ကြိုက်ရာလုပ်စား ဆုံးဖြတ်ပိုင်ခွင့်ပေး၏။ အကြီးက စည်းကမ်းကြီးတယ်ဆိုပေမယ့် ဒါတွေအားလုံးကလည်း အကြီးရဲ့ စေတနာတွေပါပဲလေ။ သူတို့အားလုံးလည်း အကြီးကို နားလည် ချစ်ကြောက် ရိုသေကြရှာပါသည်။
အခုလည်းကြည့် ...ဒီလိုအရပ်မျိုး အရောက်အပေါက် ရှားသည့်ကြားကပင် အကြီးမှာ သူ့အချစ်ဆုံးတူကို ကြိုဆိုသည့်ညစာအတွက် ဟင်းအမယ်စုံအောင် စီစဉ်ချက်ခိုင်းထားရှာသည်။ အသားဟင်း အမျိုးစုံ၊ အရွက်ကြော် အရွက်သုတ်တွေနှင့်၊ ငပိ တို့စရာတောင် ပါလိုက်သေး။
"မကြီးနန်းရယ် ...ရှမ်းပြည်ရောက်တုန်း လက်ဖက်၊ ပဲပုပ်နဲ့ ငါးထမင်းနယ် စားချင်တာ။ ဒီလောက် အလုပ်ရှုပ်ခံချက်ထားကြတာ အားနာစရာကြီးဗျာ ..."
မင်းထက်မှာ မီးဖိုထဲဝင်၍ ဝိုင်းပြင်ပေးရင်း မကြီးနန်းကို ပြောလိုက်ခြင်း။ အကြီး လွတ်လွတ်ကင်းကင်း အချိန်ကိုလည်း ရှာပြီးပြောရသေးသည်။ ယောကျ်ားပျို၊ မိန်းမပျိုတွေ စကားပြောနေကြတာမျိုး အကြီးက သိပ်မကြိုက်ချင်ဘူးမလား။
မကြီးနန်းမှာ မင်းထက်တို့ မွေးကင်းစကတည်းက အကြီးမွေးစားထားသော ပအို့သူလေး။ အခုတော့ ပအို့သူမကြီးပေါ့။ မင်းထက် ထက် အနည်းဆုံးဆယ်နှစ်လောက် ကြီးရော့မည်။ အပျိုကြီးအရွယ်တောင်ရောက်လုလို့ အကြီးခင်မေသန်း နေရာဆက်ခံတော့မည်။ အကြီးတို့ကျောင်းမှာလည်း ကျောင်းဆရာမအဖြစ် တာဝန်ယူနေတယ်ကြားပါ၏။
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...