အမေမြချိန် ... အမေမြချိန် ... အမယ်အိုကြီး မြချိန် ...
ကိုးကွယ်ရတယ်။ စောင့်ရှောက်ပေးတယ်ဆိုတော့ ...
ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များလား၊ နတ်စိမ်းလား၊ ဥစ္စာစောင့်မျိုးလား၊ တခြား ဆုတောင်းဖြည့်ပေးနိုင်တဲ့ သမ္မာဒေဝနတ်မျိုးနွယ်မျိုးလား။ ကိုယ်လည်း ဘာသာရေးသိပ်လိုက်စားတဲ့ လူမျိုးမဟုတ်တော့ အဲ့ဒလောက်ကြီး သိပ်မသိ။ ငယ်ငယ်ထဲက ဟိုလူပြော လိုက်ကန်တော့၊ ဒီလူပြော လိုက်ရှိခိုးနဲ့၊ အတည်တတံ့ကြီး ကိုးကွယ်ခဲ့တာလည်း မရှိခဲ့ဘူး။ စွဲမြဲယုံကြည်ပြီး တထစ်ကျအားကိုးခဲ့တဲ့ အရာလည်း မရှိခဲ့ဘူး။ အခုကျမှ ကိုယ့်အိမ်မက်ထဲ နှစ်ခါတိတိ စွဲမက်ခဲ့တဲ့ အမေမြချိန်အကြောင်းကို သိချင်နေခဲ့ရပြီ။
ညနေပိုင်း ကိုးတန်းအခန်းတွေကို ဂိုက်လုပ်ပေးရတာလည်းပြီးရော ကိုယ့်အဆောင်ရှေ့ကို အတွေးများစွာနဲ့ပြန်လာခဲ့မိသည်။ ခြေလှမ်းတွေက ခပ်လေးလေး။ သိချင်စိတ်၊ သိသင့်စိတ်၊ သိရမှာကြောက်တဲ့စိတ်၊ သိသွားပြီး ကိုယ်နဲ့ပက်သက်နေမှာ စိုးထိတ်စိတ်တွေက မွှန်ထူနေ၏။ အဆောင်ရှေ့လည်းအရောက် ခရမ်းကုန်းကို လှမ်းကြည့်လိုက်တော့ ...
လက်လှမ်းပြနေတဲ့ ကိုယ်တော်ရှန်တစ်ကို တောင်ကုန်းထိပ်က သစ်ပင်အောက်မှာတွေ့နေရသည်။ ရှန်တစ်က သူပြောခဲ့တဲ့အတိုင်း တောင်ကုန်းပေါ်မှာ စောင့်နေသား။ ကျွန်တော်လည်း လက်ပြန်ပြလိုက်ပြီး အဆောင်အနောက်ဘက်ကို လျှောက်ရင်း တောင်ကုန်းဇောင်းအတိုင်း တက်ခဲ့လိုက်သည်။ ဒီတစ်ခါတော့ မနေ့ညကလို ပြေးတက်စရာမလို။ တစ်လှမ်းချင်းပဲ ...
အပေါ်လည်းရောက်ရော ရှန်တစ်က သူထိုင်နေတဲ့နေရာက ထရပ်လိုက်ပြီး မတ်တပ်ရပ်ကြိုသည်။ ကျွန်တော့်လက်ထဲ ကိုင်လာတဲ့ ကျောင်းစာအုပ်တွေကို ကြည့်ပြီး ...
"စာအုပ် ဝင်မထားခဲ့ဘူးလား ... အကိုဆရာ ..."
"အင်း ... ရှန်တစ် စောင့်နေရမှာ အားနာလို့ ..."
ကျွန်တော့် အဖြေကိုကြားတော့ သူက ပြုံးသည်။ ပါးချိုင့်ရေးရေး သွားဖွေးဖွေးနဲ့။ ပြီးတော့မှ ကျွန်တော့်ကို မြက်ခင်းသန့်သန့်မြေကြီးတစ်နေရာ လက်ပြပြီး ...
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...