ခြောက်ရက်မြောက်နေ့တွင် ရှန်တစ် ဆေးရုံဆင်းခွင့်ရ၏။
ဆရာဝန်ကြီးကတော့ ဦးနှောက်သွေးကြောပေါက်ထားသော လူနာဖြစ်၍ ဆက်လက်ပြီး ဂရုစိုက်ရန် မှာလိုက်သည်။ ဆေးလိပ်ဖြတ်ဖို့ကအစ၊ ဆောင်ရန်ရှောင်ရန်များအပြင် သွေးကျဲဆေး၊ မတက်အောင်ထိန်းသည့်ဆေးများပါ ရေရှည်စွဲသောက်ဖို့ တပါတည်းမှာလိုက်သည်။ ပြီးတော့ ရှန်တစ်၏ မိသားစုထဲတွင် သွေးခဲဓာတ်များစေသည့်ရောဂါမျိုး၊ သို့မဟုတ် သွေးနှင့် သက်ဆိုင်သည့် ရောဂါမျိုး အခံရှိသလားဟုလည်း မေးသေးသည်။ ရှန်တစ်တို့ကတော့ မရှိဟု ဖြေတော့ ဆရာဝန်ကြီးက ခေါင်းတငြှိမ့်ငြှိမ့်။
ဘာပဲဖြစ်ဖြစ် အခြေအနေတည်ငြိမ်သွားသည့်အခါ အဆင့်မြင့်ဓာတ်ခွဲခန်းမှာ စစ်ပြီး နောက်ခံသွေးရောဂါ ဇစ်မြစ်ကို သိအောင်လုပ်မှ နောင်တဖန်ထပ်မဖြစ်အောင် ကာကွယ်နိုင်လိမ့်မည်ဟုလည်း မှာလိုက်သည်။ ယခုတော့ အခြေအနေ အသင့်တင့် တည်ငြိမ်သွားပြီဖြစ်၍ ကိုယ်လက်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို အားစိုက်လုပ်နိုင်ပြီဖြစ်ကြောင်းလည်း တပါတည်းမှာလိုက်ပါသေးသည်။
ကုတင်ပေါ် ထိုင်နေသည့် ရှန်တစ်ကတော့ ဆရာဝန်ကြီး၍ စကားများကို နားထောင်ရင်း သူ့ရဲ့ လှုပ်မရသော ဘယ်ဘက်လက်ကို ငေးကြည့်နေရှာသည်။
ခုတော့ ...
ရှန်တစ် ဦးလေး ဦးစိုင်းသွမ် စီစဉ်သည့်အတိုင်း နိုင်ငံခြားကိုလိုက်ပြီး ဆေးဆက်ကုဖို့။ လေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ရမည်။ လေယာဉ်က မနက်ဖြန်လေယာဉ်နှင့် ... ကျွန်တော်က ရန်ကုန်ထိ လိုက်ပို့ချင်သေးသည်။ နိုင်ငံခြားတော့ မလိုက်နိုင်သေးသဖြင့် ရှန်တစ်ကိုသာ လွှတ်လိုက်ရပေအုန်းမည်။
အကြီးခင်မေသန်း၊ ဘရစ်နီနှင့် သော်ကတို့ကတော့ ကျွန်တော်တို့ လေးယောက်သားကို ဟဲဟိုးလေဆိပ်ထိလိုက်ပို့ကြသည်။ ရှန်တစ်ကတော့ ဝှီးချဲပေါ်မှာ ငြိမ့်လို့။ ကျွန်တော်နှင့် ဉာဏ်လေးကသာ တစ်ယောက်တလှည့် တွန်းရလျက်။ ဝှီးချဲမှ ထိုင်ခုံ၊ ထိုင်ခုံမှ ဝှီးချဲ၊ ညကျတော့ ကုတင်ပေါ် အချီအချ လုပ်ပေးရ၏။ ရှန်တစ်၏ ခြေထောက်တွေမှာ တဖြည်းဖြည်းချင်း တိုးတက်လာပုံရှိပေမယ့် ထောက်လို့ရရုံမျှသာ။ လှမ်းမရ၊ ကြွမရနှင့်။ ဘယ်ဘက် လက်တစ်ဖက်လုံးကတော့ လုံးဝကို ငြိမ်နေဆဲ ...
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...