(၆) Zawgyi

23 4 0
                                    

မနက်နိုးတော့ ၇နာရီတောင်ရှိပြီ။ နောက်နေ့တော့ နှိုးစက်လေးပေးပြီး အိပ်အုန်းမှဟုတော့ တွေးလိုက်သေး၏။ ညကလည်း အိမ်မက်ဆန်းကြီး မက်ပြီး ပြန်အိပ်ရခက်သွားတာလည်း ပါလိမ့်မည်လေ။

အဆောင်နောက်ဘက် ရေကန်ဆီသွားတော့ ရှန်တစ်ဆိုင်ကယ်ကို ညကအတိုင်း ဘေးအဖီအောက်မှာ မြင်ခဲ့ရသည်။ အင်းးး .... ဒါဆို ဒီကောင်လေး အဆောင်ပြင် မထွက်ဘူးပေါ့။ ခြေလျင်ထွက်လျှင်တော့လည်း မပြောတတ်။ ဟားးးး ... ဘာလို့ သူ့အကြောင်းတွေ လိုက်တွေးနေပါလိမ့်။

ခေါင်းတဆတ်ခါရင်းနဲ့ပဲ ရေအေးအေးတစ်ခွက် ခပ်ပြီး မျက်နှာနှစ်ချလိုက်တော့သည်။ ပြီးတော့ သွားတိုက်တုန်း တောင်ကမူကုန်းကိုတောင် လှမ်းမျှော်ကြည့်လိုက်သေးရဲ့။

စိန်ပန်းပြာပင်ကြီးကတော့ ခရမ်းရောင် အပွင့်နုတွေနှင့် တစ်ပင်လုံး ပြာဝေလန်းဆန်းလို့ အိမ်မက်ထဲကလို မှိုင်းမနေ။ အပွင့်တွေကလည်း အကိုင်းမှာ မြဲလိုက်တာမှ တုတ်နဲ့ရိုက်ချရင်တောင် ကျမယ်မထင်ဘူး။ သေချာကြည့်မိတော့မှ ထိုစိန်ပန်းပြာပင်က တောင်ကုန်းပေါ်မှာ သူတစ်ပင်တည်း ထီးထီးကြီးဖြစ်လို့။ အနားမှာတော့ မြက်နုတွေ ပေါက်နေကြတာလောက်ပဲရှိသည်။ အင်းးး ... ထူးဆန်းသား။ မနက်စာတော့ အရင်စားလိုက်ပါအုန်းမယ်လေဆိုပြီး ရေခွက်နဲ့ ပစ္စည်းပစ္စယတွေ အခန်းထဲသွားပြန်ထည့်ရသေးသည်။

အခန်းထဲမှာလည်း အိပ်ယာတွေ သေချာညီအောင် သိမ်းပြီးတော့မှ အခန်းတစ်ပတ်ဝေ့ကြည့်ရင်း ဖုန်းခလုတ်ကို နှိပ်လိုက်တော့ ...

ဖုန်း screen ပေါ်တွင် Noti တစ်ခု ...

"Sai NyanH has changed his Profile Picture" တဲ့။ Facebook က Noti။ အဆောင်က wifi နဲ့ တစ်ညလုံးပွင့်နေတော့ Noti ဝင်လာတာဖြစ်မည်။

ကျွန်တော်လည်း ခဏတဖြုတ်လောက် တွန့်ဆုတ်သွားပြီးမှ Noti Bar ကို Clear လုပ်ပစ်လိုက်တော့သည်။ တည်ငြိမ်နေသော ကျွန်တော့်နှလုံးအိမ်ကတော့ တစ်ချက်အနယ်ထသွားသလို ကျပ်ခနဲတော့ ဖြစ်လိုက်ပါသေး၏။

***

စားသောက်ဆောင်ရောက်တော့ ၇နာရီ ခွဲ။ စားလက်စ ကျောင်းသားအချို့သာ ကျန်၏။ အတော်များများကတော့ စားပြီးလို့ ပြန်နှင့်ကြပြီးပြီထင်သည်။ ကျွန်တော်လည်း ကျောင်းသားတွေရဲ့ အချိန်ဇယားကို အတော်တော့မှတ်မိနေပါပြီ။

မေတ္တာ သစ္စာ စိန်ပန်းပြာDonde viven las historias. Descúbrelo ahora