ဆောင်းအကုန် နွေအကူး လေရူးသုန်ခိုက် ကောင်းကင်မှာ လင်းရှင်းပြာဝေလှသည်။ ရှမ်းပြည်ဘက် တောင်ကုန်းတောင်တန်းဒေသတွေဆိုတော့ ဒီအချိန်မှာမှ နေရောင်ဖျော့ဖျော့နှင့် လတ်ဆတ်ပူနွေးတဲ့ ရာသီဥတုမျိုးကို ရတာမဟုတ်လား။ မိုးနဲ့ ဆောင်းတစ်ပတ်လည်လုံး အုံ့မှိုင်းချမ်းစိမ့်ခဲ့သမျှ အခုအခါမှ အနွေးထည်ချွတ်ခွင့် ရတော့၏။ သို့ပေလည်း ပူလှသည်တော့လည်း မဟုတ်။ မချမ်းမအေးတော့ ရုံသာ။
ရထားတစ်စီးကတော့ ပုံမှန်အချိန်ကိုက်လျက် တောင်ကုန်းတစ်ကြော စောင်းတက်လာခဲ့သည်။ တစ်ဘူတာပြီး တစ်ဘူတာ၊ တစ်မြို့ပြီး တစ်မြို့ခုတ်မောင်းလာခဲ့ရာမှ ကလောဘူတာကိုတောင် ကျော်လာခဲ့ပြီ။
"ဒုတ်ဒုတ် ဂျုန်းဂျုန်း ... ဒုတ်ဒုတ် ဂျုန်းဂျုန်း ... ဂျုန်းဂျုန်း ဂျုန်းဂျုန်း... ဝှီးဝှီးဝှီး ..."
ရထားသည် ဘူတာတစ်ခုသို့ ဆိုက်ကပ်လာခဲ့ပြန်ပြီ။ ခရီးသည်တွေက ဆင်းလိုက်၊ စျေးသည်တွေက တက်လိုက်နှင့် ပျားပတောင်းခတ်လို့။ ဘူတာပုံစံကြည့်ရတာတော့ နယ်မြို့တစ်မြို့က ဘူတာပုံစံမျိုး။ ရထားကတော့ ငါးမိနစ် ဆယ်မိနစ်လောက် နားမည့်ပုံရသည်နှင့် မင်းထက်လည်း ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေလိုက်သည်။ သူ ဆင်းရမည့် တောင်ကြီးဘူတာလည်း မရောက်သေးသဖြင့် အေးအေးလူလူသာနေလိုက်သည်။ ထိုစဉ် မကြီးမငယ် ရွယ်တူလောက်ရှိသော အမျိုးသားတစ်ယောက်မှာ ရထားပေါ်သို့ တက်လာပြီးနောက် ခုံနံပါတ်တစ်ခုချင်းကို လိုက်ကြည့်ရင်း မင်းထက််၏ ခုံအရှေ့တွင်ရပ်လိုက်၏။ ပြီးတော့ မင်းထက်ကို သေချာစိုက်ကြည့်နေရင်းမှ ...
"ဆရာ မင်းထက်အိမ်လား ခင်ဗျ ... ဆရာမကြီးခင်မေသန်း က ကြိုခိုင်းလိုက်လို့ပါ ..."
မင်းထက်လည်း ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ရင်းက အသံလာရာဆီသို့ လှည့်ကြည့်လိုက်၏။ ပြီးတော့ မထင်မှတ်ထားတာမျိုးဖြစ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော်က တောင်ကြီးဘူတာရောက်မှ ဆင်းရမှာ မဟုတ်ဘူးလား ..."
"ဟုတ်ကဲ့ ... တောင်ကြီးကလည်း ရှေ့ဘူတာပါပဲ။ ကျွန်တော်က လာကြိုရင်းနဲ့ ဒီဘူတာဆိုရင် မြင်းမိုင်နဲ့ ပိုလည်းနီး၊ လူလည်း သိပ်မရှုပ်ဘူးထင်လို့ပါ။ ကြိုတင်အကြောင်းကြားထားတာနဲ့ လွဲချော်သွားတဲ့အတွက်တော့ ကျွန်တော့်ဘက်ကပဲ တောင်းပန်ပါရစေခင်ဗျာ ..."
ČTEŠ
မေတ္တာ သစ္စာ စိန်ပန်းပြာ
Beletrieမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...