"ဒေါက်ဒေါက်ဒေါက် ..."
ကိုယ့်တံခါးကို လာခေါက်သံ။ ည၈နာရီရှိပြီ။ ဟိုကောင်လေးရှန်တစ်များလားဆိုပြီး အချိန်ဆွဲလိုက်သေးသည်။ ပုဆိုးကို ပြန်ပြင်ဝတ်လိုက်ပြီး ဖတ်လက်စ ကဗျာစာအုပ်ကို စားပွဲပေါ်မှောက်တင်လိုက်၏။ ပြီးတော့ အမှတ်မထင်ပဲနှင့် ကျွန်တော့်အာငွေ့တွေဘာတွေများ မွေးကြိုင်ရဲ့လားလို့ စမ်းစစ်ကြည့်လိုက်သေးသည်။ ဒါက တကယ်တမ်းရော လိုရဲ့လားလဲ တွေးစရာ။ မသိရင် ရှန်တစ်ကပဲ ကျွန်တော့်အနံ့နဲ့ ပက်သက်ပြီး မှတ်ချက်ပေးမှာကျလို့။ ညနေတုန်းကလို ရေမွေးနံ့မွှန်တာတောင် နှာခေါင်းရှုံ့နေရင် မူရင်းကိုယ်သင်းနံ့နဲ့ပက်သက်ပြီးလည်း ဘယ်လိုတုန့်ပြန်မလဲ မသိနိုင်ဘူးလေ ...
"ဒေါက်ဒေါက်ဒေါက်ဒေါက် ... ဆရာလေး ... ဆရာလေး ... ခြင်ထောင် အသစ်လာပို့တာ ..."
အော် ... ရှန်တစ် မဟုတ်ဘူးပဲ။ အောင်သူ ...
ဒီတော့လည်း အားနာနာနဲ့ တံခါးမြန်မြန်ဖွင့်လိုက်တော့သည်။ တံခါးဖွင့်လိုက်တော့ အောင်သူတစ်ယောက် ခြင်ထောင် အသစ်ကလေးပိုက်လို့။ အခန်းထဲမှာ ပြောင်းလဲပြီးသား အခင်းကျင်းကိုလည်းမြင်ရော မျက်လုံးမျက်ဆံပြူးသွားကာ ...
"ဟင် ... ဆရာလေး ဒါတွေ ဘယ်တုန်းက ဝယ်လိုက်တာလဲ။ ဘယ်ကရှာဝယ်လိုက်တာလဲ ..."
အောင်သူမှာ သူဝယ်လာတဲ့ ခြင်ထောင်ပန်းရောင် အသစ်ကလေးကို ခုံပေါ်တင်လိုက်ကာ ပြောင်းလဲခင်းကျင်းထားတဲ့ ကုတင်ကို လှည့်ပတ်ကြည့်ရှုနေသည်။ ပြီးတော့ ပါးစပ်ကြီး ဟလို့။ အောင်သူ မလာခင်လေးတင်မှ ပြင်ဆင်မွမ်းမံပြီးတဲ့ ခေါင်းအုန်း နှင့် စောင် ဆင်တူ အပြာအစွပ်များ။ ပြီးတော့ အားလုံးခရမ်းပြာရောင်နှင့် ပန်းပွင့်အဆင်နှင့် လှပနေသည့် တစ်ယောက်စက ခြင်ထောင်။ ကျွန်တော်လည်း အံ့သြသသဖြစ်နေသည့် အောင်သူ့ကို တဖန်ပြန်အံ့သြရင်း ...
"ဒါတွေက အောင်သူဝယ်ပြီး အကို့အခန်းရှေ့ လာထားသွားတာမဟုတ်ဘူးလား ..."
"မဟုတ်ဘူး ... မဟုတ်ဘူး ဆရာလေး ... ကျွန်တော် ဝယ်လာတာ ခြင်ထောင်တစ်ခုထဲ။ ခေါင်းအုံးတွေတောင် မဝယ်ခဲ့ရဘူး။ စျေးထဲမတွေ့လို့။ ပြီးတော့ ကျွန်တော်ဝယ်လာတဲ့ ခြင်ထောင်ကလည်း အခုမှ ဆရာလေးကို လာပို့ရတာ ... တစ်နေကုန် ကျောင်းအလုပ်တွေနဲ့ရှုပ်နေလို့ ... သြော် ဒါနဲ့ ဆရာမကြီးက ဆရာလေးဖို့ မုန့်တီသုတ်ပို့ခိုင်းလိုက်တယ်။ ပုဇွန်ခြောက် အကောင်ကြီးကြီး နိုင်းချင်းနဲ့ ဆိုလားပဲ ..."
YOU ARE READING
မေတ္တာ သစ္စာ စိန်ပန်းပြာ
General Fictionမြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ အံ့သြဆန်းကြယ်လှတဲ့ အဖြစ်အပျက်နဲ့ ခံစားချက်တွေ ... စိုင်းရှန်တစ်ဆိုတဲ့ ခပ်ဇိုးဇိုးကောင်လေးတစ်ယောက် ... မေတ္တာရယ် သစ္စာရယ် စိန်ပန်းပြာရယ်...