EPISODE (55)

7.4K 1K 32
                                    

Unicode

မင်္ဂလာအချိန်ကျသည်နှင့် ပရိတ်သတ်များအားလုံးသည်ငြိမ်သက်သွားကြပြီး ပြင်ဆင်ထားသော  နေရာထိုင်ခင်းများတွင် ထိုင်လိုက်ကြသည်။မူလကစတုဒိသာ ဂုန်းဆင်းနေသူများပင် လက်ထဲမှစားစရာများကိုချကာ နေရာထိုင်ခင်းများဆီသို့ ပြေးလိုက်ကြသည်...။

"ဒူ...ဒူ...ဒူ...ဒူ..."

မင်္ဂလာစည်တော်ကြီးကို နန်းတွင်းသားတို့ကတီးခတ်လိုက်ကြသည်။ထို့အခါ နန်းတွင်းသို့ပင့်ဖိတ်ထားသော ဘုန်းတော်ကြီးအပါးရှစ်ရာတို့သည် စီတန်းကာကြွလာကြပြီး မြင့်မြတ်သော စင်မြင့်တွင် နေရာယူလိုက်ကြသည်။မင်္ဂလာစင်မြင့်သည် နန်းရင်ပြင်၏အလယ်တည့်တည့်တွင် မြင့်မားသော အုတ်ခုံမြင့်ဆောက်လုပ်ထားသည့် အထွဋ်အမြတ်နေရာဖြစ်ပြီး နန်းရင်ပြင်တစ်ခွင်ရှိ ပရိတ်သတ်များအားလုံးကိုမြင်နိုင်သောနေရာလည်းဖြစ်လေသည်။

ဘုန်းတော်ကြီးများသည် နေရာယူပြီးသည်နှင့်မြင့်မြတ်သောအနှိုင်းမရှိတရားတော်များကို သံပြိုင်ရွတ်ဖတ်ကြလိုက်သည်။တိုင်းပြည်၏ နှစ်စဉ်ဘုရားပွဲများတွင်ပင်လျှင် ဤမျှများပြားသော ဘုန်းတော်ကြီးများကိုတစ်စုတစ်စည်းတည်းမဖူးတွေ့ရသဖြင့် တိုင်းသူပြည်သားများသည် ဘုန်းတော်ကြီးများ၏ တူညီသောတရားသံကျယ်ကို ကြားလိုက်ရသောအခါ ကြက်သီးပင် ထမိကြသည်။

ဘုန်းတော်ကြီးများသည် ကြာမြင့်စွာတရားရွတ်ဖတ်ပြီးသည့်နောက် အရှင်နှစ်ပါး အပါအ၀င် တော်၀င်မိသားစုနှင့်တကွ တစ်တိုင်းပြည်လုံးရှိပြည်သူများအတွက် တောင်းဆုများပြုပေးကြသည်။

ထို့နောက် ပုဏ္ဏားကြီးများက ခရုသင်းများမှုတ်လိုက်သောအခါ အ‌ခြွေအရံများစွာခြံရံလျက် နို့ထိန်း အထိန်းတော်ကြီးများသည် မင်းသားလေးနှစ်ပါးအား မြင့်မြတ်သောစင်မြင့်ဆီသို့ ပင့်ဆောင်သွားကြသည်။

နန်းဆောင်မှ ထိုစင်မြင့်ကြားလမ်းလျှောက်ရာတွင် အထိန်းတော်များက မင်းသားလေးနှစ်ပါးအားအများပြည်သူမြင်သာစေရန် ပွေ့ချီပေးသဖြင့် ထိုင်နေကြသော ပြည်သူများသည် အလုအယက်ပင် ၎င်းတို့ မင်းသားလေးများအား အရိုအသေပေးကြလေသည်။ထိုမင်းသားလေးများ၏အရှေ့မှ ပထမမင်းသားလေးကိုမူ ကျန်မင်းသားလေးနှစ်ပါးလောက် အရေးမပေးကြပေ။သို့ရာတွင် ပထမမင်းသားလေးမှာလည်း ထိုအချင်းအရာအား ဂရုမစိုက်အားဘဲ လုပ်စရာရှိတာကိုအမြန် လုပ်ဆောင်ကာ ဟန်ဟန့်နားပြန်ကပ်ရန်သာဇောကပ်နေခဲ့သည်။ထိုအရာကိုမြင်တဲ့
ဟန်တျာကမူ မျက်ခုံးများတွန့်ချိူးမိလျက်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now