စောထိုမှူးတစ်ယောက် စားဖိုတဲဘက်သို့ အခြေအနေကြည့်ရှုစစ်ဆေးရန်အရောက် ထမင်းကို မဲ့ရွဲ့ကာ စားနေသော ထိုကောင်လေးအား မြင်လိုက်သဖြင့် လေသံမာမာဖြင့် ဆူပူလိုက်မိလေသည်။သူတို့ မြို့ပေါ်မှာ စားရသော ဆန်ချောမပြောနှင့် ဆန်ကြမ်းတောင် ဒီမှာတော့ နပ်မမှန်ပေ။လမ်းခရီးအခက်အခဲကြောင့် ဖြစ်စေ၊ စစ်တပ်ဘက်မှ တိုက်ခိုက်ခြင်းကြောင့်ဖြစ်စေ၊ ထောက်ပို့တပ်နှင့် အဆက်အသွယ်ပြတ်တတ်သဖြင့် တခါတလေ ဆန်မလောက်၍ ထမင်းနည်းနည်း ရေများများဖြင့်ပြုတ်သော ဆန်ပြုတ်သာ သောက်ရလေ့ရှိသည်။ ရက်ကြာကြာ အဆက်အသွယ်ပြတ်ရင်တော့ တစ်ရက်တစ်လေ အငတ်နေရကာ ရှိသမျှ အစာခြောက်များ၊ ဘေးဘက်တောထဲရှိ စား၍ရသော သစ်သီး သစ်ပင်များနှင့် ရှာဖွေစားသောက်ကြရသည်။ထို့ကြောင့် ရိက္ခာပြတ်လပ်သော ဒုက္ခများကို မသိကြသော တပ်သားသစ်များအား ယခုဆန်ရှိနေသောအချိန် စားရသော ထမင်းစေ့များကို တန်ဖိုးထားတတ်စေချင်သည်။ သူတို့မစားချင်ကြသော ဒီဆန်ကြမ်းများသည် ဒီတပ်စခန်းတစ်ခုလုံး၏ နတ်သဓ္ဒါအလား သုံးလစာရိက္ခာများပင်။ တပ်သားသစ် အများအပြား ရောက်ရှိလာ၍ မိမိတို့၏ သုံးလစာရိက္ခာများသည် တစ်လတောင် ခံမည်မထင်တော့ပါ။ သည်မျှလောက် တန်ဖိုးရှိသော ဆန်ထမင်းများအား မဲ့ရွဲ့ကာ မစားချင်သဖြင့် ရေနှင့်မျှောချနေသည့် ထိုကောင်လေးအား စိတ်ကွက်မိသဖြင့် တစ်ချက်စူးစိုက်ကြည့်ကာ ဆူပူမာန်မဲလိုက်မိသည်။
ထိုအခါ သူ့ကိုရည်ရွယ်၍ ပြောမှန်း သိသွားသည့်အလား စားပွဲတွင် ခေါင်းကိုငုံ့ကာ မျက်ရည်များဝဲတက်လာသော ဝမ်းနည်းရိပ်ရောင်သန်းနေသည့် မျက်နှာအား မတ်တပ်ရပ်ကာ ပြောဆိုနေသော မိမိမှ မြင်လိုက်ရတော့ စိတ်ထဲတွင် တစ်မျိုးဖြစ်သွားရပေသည်။မျက်ဝန်းအိမ်မှ ဝဲတက်လာသော မျက်ရည်များကို အောက်သို့ ကျမလာလေအောင် အံကိုကြိတ်ကာ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း သိမ်းဆည်းနေသော ထိုကောင်လေးအား ဆက်မကြည့်နေနိုင်တော့သောကြောင့် ပြန်လှည့်ထွက်ခဲ့လိုက်တော့သည်။ မျက်ရည်များမှာ အောက်သို့ကျမလာသော်လည်း ရှက်ရွံစိတ်ကြောင့်လား၊ ဝမ်းနည်းစိတ်ကြောင့်လားပင် မသိ ဖြူစွတ်နေသော လည်ပင်းပေါ်မှ နားရွက်နှစ်ဖက်မှာတော့ နီရဲတွက်လျှက်။
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
RomanceKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...
![နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]](https://img.wattpad.com/cover/343906774-64-k507015.jpg)