ထိုမနက်ကကိစ္စ ဖြစ်ပြီးသည့်နောက်ပိုင်းတွင် နွေဦးသာ ခေါင်းဆောင်စောကို တမင်ရှောင်နေ မိနေသည်။ စိတ်ထဲတွင် မတင်မကျဖြစ်နေကာ စိတ်ရှုပ်ထွေးနေစဥ် ကောင်းမြတ် ပြောပြသည်များ ကြားပြီး ပို၍ပင် စိတ်ရှုပ်ထွေးသွားရတော့သည်။ ထို့ကြောင့်သာ မိမိ အိပ်ဆောင်တဲသို့ ပြန်ချင်သော်လည်း အဖျားအကြောင်းပြကာ ပြန်ခွင့်မပေးသော ခေါင်းဆောင်စောကြောင့် အခက်တွေ့ကာ သူ့နားနေတဲမှာပင် နေနေရ၏။ပိုဆိုးသည်က ခေါင်းဆောင်စောအား တွေ့တိုင်း ထိုမနက်က အဖြစ်အပျက်အား ပြန်လည်မြင်ယောင်၍ ရင်အခုန်မြန်လာခြင်းပင်။ သူ့နားနေတဲတွင် နေသောကြောင့် နှစ်ယောက်သားကလည်း မကြာခဏ မျက်နှာချင်းဆုံဖြစ်သည်မို့ နှလုံးခုန်သံက ပိုဆိုးလာရကာ မျက်နှာချင်းမဆုံမိအောင်သာ စောစောအိပ်ရာဝင်၍ ခေါင်းမြီးခြုံထားလိုက်သည်။
"တပ်သား နွေဦး..နေမကောင်းဘူးလား"
"မဟုတ်ပါဘူး။ ကောင်းပါတယ်။"
"ဒါဆို ခေါင်းမြီးခြုံထားတာကြီး ဖယ်လေ။ မွန်းမယ်"
"ဟုတ်..ရတယ်။ မမွန်းဘူး"
"တကယ်..အဆင်ပြေရဲ့လား။ မင်း ဒီနေ့ တစ်နေကုန် မျက်နှာမကောင်းဘူး။ အဖျားကျန်နေလား"
"ဟုတ် အဆင်ပြေပါတယ်..ခေါင်းဆောင်စော။ ဘာမှမဖြစ်ပါဘူး"
"ဒဏ်ရာက နာနေလို့လား"
"မဟုတ်ပါဘူး ခေါင်းဆောင်စော..ကျွန်တော် တကယ်သက်သာပါတယ်"
အမြဲတမ်း ရွှင်ရွှင်ပြပြဖြစ်နေသော ကလေးက အခုလိုမှိုင်မှိုင်တွေတွေ ဖြစ်ကာ ခေါင်းမြီးခြုံထဲက နေ ထွက်မလာဘဲ စောင်အောက်မှသာ စကားပြန်ပြောနေသော နွေဦးသာအား ခေါင်းဆောင်စောမှ ကြည့်ရင်း စိတ်မကောင်းဖြစ်ကာ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။
~~~~~~~~~~~~~~~~
"မင်းတို့ကို ဒီနေ့ ဒီမှာတန်းစီခိုင်းရတာက ကြေညာစရာ တစ်ခုရှိလို့ပဲ။ မင်းတို့လဲ ဒီကိုရောက်ပြီး လေ့ကျင့်ရေးသင်တန်း ဆင်းနေရတာ တစ်လကျော်ကျော် ကြာပြီ။ မင်းတို့ ဖုန်းSimcardတွေကို သိမ်းထားရတာက မင်းတို့ရဲ့လုံခြုံရေးကြောင့်ပဲ။ ဒါပေမယ့် မင်းတို့လဲ မင်းတို့ရဲ့ အိမ်တွေ၊ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်ပြတ်နေတာ တစ်လကျော် ကြာနေပြီမို့ စိတ်ပူနေမယ်မှန်း သိတယ်။ မင်းတို့လိုပဲ အိမ်ကလူတွေကလဲ မင်းတို့အဆင်ပြေရဲ့လား ကောင်းကောင်းမွန်မွန် ရှိရဲ့လား သိချင်ကြမှာပဲ။အဲ့တာကြောင့် ငါဌာနချုပ်ကို ဆက်သွယ်ခွင့်တောင်းပြီး ဒီတပ်စခန်းမှာ စက်တစ်ခု တပ်ဆင်လိုက်တယ်။ အဲ့ဒီစက်က ရန်သူဘက်က ထောက်လှမ်းနေတဲ့ ရေဒါလှိုင်းတွေကို အနှောက်အယှက်ပေးတဲ့ စက်ပဲ။ အဲ့တာကြောင့်မို့ မင်းတို့ ဒီတပ်စခန်းမှာ ဖုန်းသုံးလို့ရပြီ"
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
RomanceKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...