"ဗိုလ်လေးရယ် ကလေးတွေကို သိပ်မဆူပါနဲ့။ စိတ်လျော့ပါ။ ကလေးတွေက အခုမှ ရောက်ခါစကို ပြန်ပြေးကုန်ပါ့မယ်"
"ကျွန်တော်တော့ အဲ့ဒီလို ဖြူစုတ်စုတ်နဲ့ သွေးမရှိဘာမရှိ ပျော့တိပျော့ဖတ် ကောင်တွေကို သဘောကိုမကျပါဘူး ဖထီးရယ်။ မြို့မှာနေ မြို့မှာစားပြီး လက်ကြောတင်းမယ့် ရုပ်တွေ မဟုတ်ဘူး"
ထိုသို့ ပြောလိုက်ရင်း အစိမ်းရောင် ပြောက်ကျားအကျီနှင့်အတူ ဝတ်ဆင်ထားသော ခေါင်းပေါ်မှ ဘယ်ရီကပ် (Berry Cap)ကို ဆွဲချွတ်လိုက်သူမှာတော့ နေလောင်ထားသောကြောင့် ညိုနေသော အသားအရေ၊ ခပ်ရေးရေးရှိသော မုတ်ဆိတ်မွှေး၊ပသိုင်းမွှေးတို့နှင့်အတူ စူးရဲသောအကြည့် တို့ကြောင့် စိတ်ဓာတ်ခက်ထန် ပြတ်သားမည့်ပုံအလား။ ကွမ်းယာတို့စားထားသောကြောင့် မရဲတရဲ ဖြစ်နေသော နှုတ်ခမ်းပါးတို့နှင့် မပြုံးသော်လည်း စကားပြောလိုက်သည်နဲ့ ပေါ်လာသော ပါးချိုင့်တို့ကတော့ ခက်ထန်မာကျောသည့် အသွင်နှင့် ဆန့်ကျင်ဘက်အသွင်ဆောင်လျှက်။ ထို့ကြောင့်ပင် ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျှောက် ပုံမှန်ထက် ပို၍ မာကျောခက်ထန်သည့် ပုံစံဆောင်ထားသည်လား မပြောတတ်ပေ။ ထိုသူမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅) ဖာပွန်ခရိုင်၏ လက်အောက်ခံ တပ်ခွဲတစ်ခုဖြစ်သော တပ်စုစစ်စခန်းတွင် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသော စောထိုမှူးပင် ဖြစ်သည်။
သူ ဒီလိုကောင်လေးမျိုးတွေကို သဘောမကျ။ ယောကျ်ားဆို ယောကျ်ားလို အားရှိအင်ရှိမျိုးမှ ကြည့်ရတာ အဆင်ပြေသလိုပင်။ အခုတော့ သွေးမရှိသလို ဖြူဖတ်ဖြူရော်နှင့် ပိုးမွေးသလို မွေးမြူထားသော အသားအရည်ဖြူဖြူနုနု၊ လေတိုက်ရင်တောင် လဲတော့မည့်ပုံစံ။ ဒီလို တစ်ယောက်ယောက်က ကာကွယ်ပေးမှ၊ ကာကွယ်ပေးမဲ့သူ လိုအပ်နေသည့် ပုံစံမျိုးတွေကို သူတကယ်မနှစ်သက်။ ဒီမှာနေရင်း အဲ့ဒီလို ကာကွယ်ပေးစရာ လူမလိုတော့တဲ့ အခြေအနေထိ ရောက်အောင် လေ့ကျင့်ပေးရမည်ဟု တွေးရင်း စိတ်အလိုမကျမှုနှင့်အတူ စားပွဲပေါ်ရှိကွမ်းယာကို ကောက်ဝါးလိုက်မိတော့သည်။
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
RomanceKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...