အပိုင်း-၂၄ (Unicode)

4.2K 297 3
                                    

(ဤအပိုင်းတွင် သွေးထွက်သံယိုနှင့်လူသတ်မှုများ ပါဝင်သောကြောင့် PG-13သတ်မှတ်ထားပြီး သတိပြုဖတ်ရှုပေးစေချင်လိုပါတယ်ရှင်။)

လင်းယုန် တပ်စခန်းမှာတော့ သင်တန်းဆင်းပွဲအပြီး သုံးလေးရက်လောက် အလုပ်ရှုပ်နေကြသည်။ တပ်စခန်းတွင် အစကလေ့ကျင့်တပ်သားအဖွဲ့ဝင် အယောက် ၁၀၀လောက် ရှိသော်လဲ ကိုယ်တာဝန်ထမ်းဆောင်ချင်သည့်နေရာများသို့ ပြောင်းရွေ့ကုန်ကြ၍ အရင်ကလောက် လူမများတော့။ တချို့ကလဲ မြို့ကမြေအောက်တော်လှန်ရေး အဖွဲ့များနှင့် သွားရောက်ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်ကြသည်။ တချို့ကတော့ ဌာနချုပ်သို့ သွားကာ နည်းပညာအဆင့်မြင့်သင်တန်းများ သွားတက်ကြသည်။ တချို့ကလဲ ထောက်ပို့တပ်သို့ သွားရောက်ကာ ရိက္ခာများကို ပို့ဆောင်ပေးသည့် တာဝန်ကို ယူကြသည်။ တော်လှန်ရေးအတွက် အဘက်ဘက်က လိုအပ်သည်များကို တာဝန်ယူခွဲဝေထမ်းဆောင်ကြသည်။ နွေဦးသာတို့ သူငယ်ချင်းလေးယောက်မှာတော့ လင်းယုန်တပ်စခန်းတွင်နေကာ ကျေးရွာများ၊တပ်စခန်းများကို ကာကွယ်တိုက်ခိုက်ဖို့အတွက် ရွေးချယ်ခဲ့ကြလေသည်။

"ငါတို့ ဒီလင်းယုန်တပ်စခန်းရဲ့ ပထမဆုံးမစ်ရှင်ကို ရက်အနည်းငယ်အတွင်း ပြုလုပ်ဆောင်ရွက်မှာ ဖြစ်တယ်"

"ဟုတ်ကဲ့"

"မင်းတို့တွေရဲ့သင်တန်းဆင်းပြီး ပထမဆုံးမစ်ရှင်ဖြစ်တဲ့အတွက် အရာရာကို သတိဝီရိယနဲ့ လုပ်ဆောင်ကြဖို့ မှာကြားချင်တယ်"

"ဟုတ်ကဲ့ပါ ဗိုလ်လေး"

"ငါတို့ ဆွဲထားတဲ့ Mission Planထဲကနေ သွေဖယ်ပြီး တခြားဘာမှမလုပ်ကြဖို့ သတိပေးချင်တယ်။ ပထမဆုံးမစ်ရှင်ကတော့ ငါတို့ ဒီတပ်စခန်းနဲ့ အနီးဆုံးနေရာမှာရှိတဲ့ အမှတ်(-)ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှာပဲဖြစ်တယ်"

"ဟုတ်ကဲ့"

"ပထမဆုံးတိုက်ခိုက်မှု ဆိုတဲ့အတွက်ကြောင့် လမ်းခရီးအနီးဆုံးနဲ့ လူအင်အားအနည်းဆုံး ရဲစခန်းကနေ စတင်တိုက်ခိုက်ခြင်းပဲ။ ဘယ်လောက်ပဲ လူအင်အားနည်းသည်ဖြစ်စေ သူတို့မှာ လက်နက်တွေရှိတဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်မှာပဲ။ အဲ့ဒါကို မင်းတို့ သေချာ နားလည်သဘောပေါက်ထားရမယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရန်သူကို ဘယ်တော့မှ အထင်မသေးမိစေနဲ့။ ရန်သူကို အထင်သေးလိုက်တာနဲ့ မင်းတို့ ရှုံးပြီပဲဆိုတာ မှတ်သားထားပါ"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now