သူ့ရှေ့ကကျွန်းစားပွဲကြီးပေါ်တွင်နေသားတကျပြင်ဆင်ထားသည့်ဟင်းလျာတွေကိုကြည့်လျက် မဟာ ၏ထူးထဲနက်မှောက်နေသောမျက်ခုံးတန်းကြီးမှာမြင့်တက်သွားရသည်။သူပေးထားသည့်အချိန်မိနစ်နှစ်ဆယ်အတွင်းမှာဒီလိုဟင်းပွဲမျိုးကိုပြင်ဆင်ထားနိုင်လိမ့်မည်ဟုသူမထင်ထားခဲ့။
ငယ်ဆူးခက် ဆိုတဲ့ကောင်ကသူ့ကိုပညာတစ်ကွက်ချပြလိုက်ပြီလားမသိ။
တွန့်ကွေးသွားသော မဟာ့ နှုတ်ခမ်းထက်မှထင်ဟပ်လာသည့်မဲ့ပြုံးကြီးကမသက်မသာ။"အဟွန်း!...တွေ့ကြသေးတာပေါ့ကွာ"
ရင်ကြိတ်ခဲသံကြီးဖြင့် မဟာ ကြိမ်းဝါးရင်းအသင့်ပြင်ပေးထားသောထိုင်ခုံတွင်မထိုင်ချင့်ထိုင်ချင်ပုံနှင့်ဝင်ထိုင်လိုက်ကာစားပွဲပေါ်ကဟင်းလျာတစ်မျိုးချင်းစီကိုသူသေချာစူးစမ်းလိုက်လေသည်။
အပြစ်ဆိုဖွယ်မရှိသောအနေအထားကြောင့် မဟာ မျက်မှောင်ကြီးကိုကုတ်လိုက်မိပြီးမကျေမချမ်းဖြစ်သွားရပြန်သည်။
ဟင်းလျာတွေကရိုးရှင်းသော်လည်းပြင်ဆင်ထားပုံက Chef တစ်ယောက်ပြင်ဆင်ထားသလိုသန့်ရှင်းသပ်ရပ်လျက်စားချင်စဖွယ်အနေအထားမျိုးကိုတွေ့မြင်ရတာကြောင့် မဟာ ၏စိတ်ထဲတွင်မဆိုစလောက်သဘောတွေ့သွားတာကိုတော့မငြင်းနိုင်။
နူးညံ့သောလျှာကိုထူးကဲသည့်အရသာနှင့်သိမ်းသွင်နိုင်လျှင်အကြံအစည်တဝက်အထမြောက်သည်ဟုပင်အဆိုရှိခဲ့သည်မဟုတ်လား။
သို့သော် တုနှိုင်းမဟာ ဆိုတာကထင်သလောက်လွယ်ကူတဲ့လူမျိုးမဟုတ်ဘူးဆိုတာဒင်းတို့သားအမိသိအောင်ကိုပြရမည်။ကြိတ်ခဲမရစွာသူတွေးရင်းအံကိုတင်းတင်းကြိတ်လျှက်ဇွန်းနဲ့ခက်ရင်းကိုကောက်ကိုင်လိုက်ကာမည်သည့်ဟင်းပွဲကိုအရင်မြည်းစမ်းကြည့်ရမလဲဟု မဟာ ချိန်ဆနေမိသည်။
ရှင်းရှင်းပြောရလျှင်ပြစ်ချက်တစုံတရာရှိလိုရှိငြားသူအချိန်ဆွဲနေတာပင်။သူ့အတွက်ပြင်ဆင်ထားပေးသည့်ဟင်းလျာများမှာဝက်သားနာနတ်ချိုချဉ်ကြော်၊Russia Salad၊ဂဏန်းသားကြက်ဥကြော်၊ကြက်စင်းကောသီးစုံကြော်၊ငါးဖယ်လုံးဟင်းချိုနှင့်ကျောက်ပွင့်သုပ်တို့ဖြစ်သည်။

KAMU SEDANG MEMBACA
🔥ခြွေ🔥
Romansaမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်