နံနက်အာရုဏ်ဦးနှင့်အတူတီတျာတျာပြုနေသည့်အိပ်တန်းနိုးငှက်ငယ်တို့ရဲ့စိုးစီညံသံကရောင်နီထွေးလာသောကမ္ဘာလောကကြီးကိုနှိုးဆွမှုပြုနေသလိုပင်။ရွှေအိုရောင်ဝတ်ရုံကိုခြုံလွှမ်းလျှက်သတ္တကမ္ဘာလောကသို့တရွေ့ရွေ့ချဉ်းကပ်လာနေသောသူရိန်နေမင်း၏အရှိန်အဝါကြောင့်ကမ္ဘာလောကတခွင်မှာရွှေအိုရောင်အဆင်းနှင့်တင့်တယ်လို့နေလေပြီ။
ဆင်စွယ်ရောင်ကန့်လန့်ကာကြားမှနွေးနုနုဖြာကျလာသည့်နေခြည်လဲ့လဲ့ကြောင့် ခြွေ မျက်လုံးအစုံကိုအသာဖွင့်ကြည့်လိုက်မိ၏။
နံနက်ခင်းရဲ့အရိပ်အငွေ့တွေက ခြွေ့ ထံသို့ချဉ်းနင်းဝင်ရောက်လာနေသော်ငြားအိပ်ရာထက်မှမထနိုင်သေးဘဲခြေလက်တွေကိုအသာဆန့်ထုတ်လိုက်မိသည်။
အိပ်ရာကမထခင်စပ်ကြားစိမ်ပြေနပြေနှင့်အကြောဆန့်ရသည့်အလုပ်ကို ခြွေ အလွန်နှစ်ခြိုက်လှသည်။
ခြေချောင်းလေးတွေကိုကုတ်လိုက်ဆန့်လိုက်ဖြင့်အကြောဖြေရသည့်အရသာက ခြွေ့ အတွက်တော့လောကစည်းစိမ်တစ်မျိုးပင်။အိပ်ရာထက်တွင်စိတ်ပြေနပြေအကြောဆန့်နေရာမှ ခြွေ တစုံတရာကိုသတိရလိုက်တာကြောင့်အိပ်နေရာမှလူးလဲထလိုက်ပြီးအခန်းရှေ့ဝရံတာသို့အမြန်ထွက်ခဲ့လိုက်၏။
"လှလိုက်တာ"
"............"
ဖူးလွှလွှနှုတ်ခမ်းဖျားမှအလှတရား၏သက်ဝင်မှုကိုလှိုက်လှဲစွာဖေါ်ကျူးရင်းပြုံးရိပ်တချို့ကသန္တာရောင်နှုတ်ခမ်းလှလှလေးထံပါးတွင်ဝပ်တွားခယလာရသည်။
ခြွေ့ မျက်စိရှေ့တွင်ခရမ်းပြာအလှတို့ကဝေချင်တိုင်းဝေကြွေချင်တိုင်းကြွေနေတော့သည်။
ခြွေ ကပန်းပျိုးသူဥယျာဉ်မှူးကြီးမဟုတ်ပေမဲ့ပန်းချစ်သူဘဝကိုတော့နှစ်ခြိုက်ရသည်လေ။ခရမ်းပြာအသွေးနှင့်ပင်လုံးညွှတ်မျှပွင့်ဝေနေသည့်စိန်ပန်းပြာပွင့်လေးတွေကိုကြည့်ပြီး ခြွေ သဘောအကျကြီးကျနေရ၏။
ပင်ယံစံလည်းရှူ့မဝမြေယံကြွေလည်းကြွရွနေသည့်စိန်ပန်းပြာပွင့်ငယ်တို့၏အလှကနံနက်ခင်းကိုတသွေးတမွေးနှင့်အလှဆင်နေသလိုအဖိုးထိုက်ပန်းမမည်ပေမဲ့ဝေလဲလှကြွေလဲလှသည့်ခရမ်းပြာပန်းတို့ကမြေခလျှင်တောင်မာနလက်ကျန်ဖြင့်လှပနေဆဲပင်။
YOU ARE READING
🔥ခြွေ🔥
Romanceမင်းမျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲ ငယ်ဆူးခက် တုနှိုင်းမဟာ နာကျင်မှုကြောင့်ကျတဲ့မျက်ရည်စက်တိုင်းမှာအငြိုးတွေသိုဝှက်ထားတယ်ဆိုတာခင်ဗျားကိုသိစေချင်တယ် ငယ်ဆူးခက်