အပိုင်း - ၁ ( ဝူသွမ်း )
အချို့သူများမှာ အသက်သုံးနှစ်သားအရွယ်ကတည်းကပင် ရင့်ကျက်နေဟန်ရကာ ၊ အချို့ကမူ ထိုသို့သောရင့်ကျက်ေစရန်အတွက် လောကဓံအခက်အခဲ တစ်ဆယ့်ရှစ်မျိုးမက ဦးစွာ ကျော်လွှားရ၏။
ရှီးဝူသွမ်းကို ကြည့်လိုက်ပါလျှင် ပေါက်ဖတ်တစ်ကောင်မှ လိပ်ပြာပျိုလေးအဖြစ် ပြောင်းလဲသွားသည့် ရူပကဖြစ်စဉ်အား ထင်ရှားစွာ တွေ့မြင်နိုင်သည်။ အသွေးအသားထဲမှ ထွက်လာသော အဆုံးအစမဲ့စွာ ဆိုးသွမ်းပေတေနေတတ်သော ကလေးငယ်မှာ မည်သည့်ဆေးမျိုးကို မှားသောက်ခဲ့လေသလားမသိ ၊ ဟန်ဆောင်နေသလားဟုပင် ထင်မှတ်မှားရလောက်အောင် ထုံးတမ်းဓလေ့များအား ရိုကျိုးလိုက်နာသော ၊ သူတပါးအား ရန်မမူတတ်တော့သော လုလင်ပျိုလေး ဖြစ်လာရာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် လူအများ၏နှုတ်ဖျား၌ ပြောစမှတ်ပြုနေကြဆဲကိစ္စ ဖြစ်လာခဲ့ပေသည်။
ယင်းရှန့်ပြည်ထောင်ဝယ် ၊ မျိုးရိုးမြင့်အနွယ်ဝင်ဖြစ်စေ သာမန်ပြည်သူမှပေါက်ဖွားလာသူဖြစ်စေ ကျင့်ကြံရေးလမ်းစဉ်အား စိတ်ဝင်တစားရှိကြ၏။
မျက်မှောက်ခေတ်တွင်မူ "အမတ"လမ်းစဉ်ကျင့်ကြံသူများနှင့် "တောက်ဓမ္မ"လမ်းစဉ်ကျင့်ကြံသူများဟူ၍ နှစ်လမ်းနှစ်စားရှိပေသည်။ အမတနတ်ဘုရား ရှန်းလမ်းစဉ်အား လေ့လာလိုက်စားသူများမှာ သိုသိပ်လျို့ဝှက်စွာ နေထိုင်ကာ လောကီလူ့ဘောင်နှင့် ဝေးရာ၌ သီးခြားဆန်စွာ နေထိုင်ကြ၏။ ကမ္ဘာလောကကြီးထဲ ပူသည်ဖြစ်စေ ၊အေးသည်ဖြစ်စေ ၊ နေသာသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ ၊ ငြိမ်းချမ်းသည်ဖြစ်စေ ၊ ရှုပ်ထွေးသည်ဖြစ်စေ ထိုသူတို့က လာရောက်စွက်ဖက်ခြင်း မရှိကြ။ ခေတ်ကာလနှင့် လူမှုအဖွဲ့အစည်း၏ အပြောင်းအလဲ အနိမ့်အမြင့်ဆိုသည်မှာ လောကနိယာမတစ်ခုဟုသာ ယူဆကြကာ လေေပြကိုစားရင်း မြူနှင်းရည်ကိုသောက်ရင်းနှင့်သာ လောကီအရေးထဲ လုံးဝဝင်မပတ်သက်ကြ။ ကျိုလုတောင်၏ ရွှမ်ဂိုဏ်းချုပ်တောက်ဆရာကြီးနှင့် ခင်မင်ရင်းနှီးသော ကျန်းဟွာစန်ရန်ဆိုသူမှာ ထိုသို့ေသာအမတလမ်းစဉ်ကို လိုက်နာကျင့်ကြံသည့် ရှားပါးလူသားများထဲမှ တစ်ယောက်ဖြစ်ပေ၏။
BẠN ĐANG ĐỌC
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Viễn tưởng"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...