အပိုင်း- ၆၃ ( ဒုတိယမီးအိမ် - ၁ )

1K 223 12
                                    


အပိုင်း- ၆၃ ( ဒုတိယမီးအိမ် - ၁ )

Note - Double update for today.

မဟာဗောဓိတောင်ထွဋ်အရှေ့ဘက် ငါးလီအကွာထက်မ‌ေကျာ်သည့် အရပ်တွင် အိုဟောင်းစုတ်ပြတ်‌ေနပြီဖြစ်‌ေသာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသည်။ ၎င်း၏နံရံအက်ကွဲကြောင်းများကြား လေအလျဉ်က မရမက တိုးဝင်လာကာ ခေါင်မိုးကိုလည်း ဖြစ်တတ်ကဆန်းလုပ်ထားသဖြင့် တိရစ္ဆာန်တစ်ကောင်ကောင်၏အိမ်နှင့် ပိုတူ၏။ အတွင်း၌ထိုင်နေသော ဧည့်သည်များအချို့ ခေါင်မိုးအဟများကြားမှ ကောင်းကင်ပြင်ကို မော့ကြည့်နိုင်သည်။

နွေဦးကုန်ချိန်နှင့် ဆောင်းဦးရာသီကြားကာလတွင်မူ ဗောဓိတောင်က အရိုးခိုက်အောင်အေးစက်ခြင်း သိပ်မရှိသဖြင့် ပညာဆည်းပူးရန် စိတ်အားထက်သန်သောကျောင်းသားများ သို့မဟုတ် အယုံအကြည်မရှိသော တစ်ဖက်ပိတ်များက တိုင်းပြည်တစ်ဝှမ်းလုံးမှသည် ဤနေရာသို့ လာရောက်စုဆုံကြ၏။ ထိုရာသီရောက်လျှင် တာ့ချန်ဂိုဏ်းမှာ တောင်ခါးပန်း၌ စာသင်ခန်းမတစ်ခု ဖွင့်လှစ်ပေးတတ်ရာ ကံကောင်းထောက်မလျှင် ဂိုဏ်းထဲကဆရာတစ်ယောက်ယောက်နှင့် စကားပြောခွင့်ရနိုင်၏။

သို့သော် ယခုကာလတွင်မူ အတော်လေးအေးစိမ့်နေသည်မို့ လက်ဖက်ရည်ဆိုင်သည်လည်း စီးပွားရေးမပြေလည်လှ။ ဆိုင်ရှင်မှာ ရေခဲနေသောမြေပြင်မှ ကောက်ယူလာသည့် သစ်မြစ်တစ်ခုခုအား ဝါးလျက် စားပွဲများကို ပျင်းရိပျင်းတွဲ သုတ်နေသည်။ ထိုစဉ် အဝေးမှသည် မြိုင်ဆိုင်မြူးတူးစွာ သီချင်းသီဆိုနေကြသည့်အသံများ ကြားလိုက်ရ၏။ ၎င်းမှာ တောင်ကြားလမ်းကိုဖြတ်လျှောက်ရင်း သီချင်းသီဆိုနေကြသော ဒေသခံယောက်ျားပျိုမိန်းမပျိုလေးများ၏အသံ ဖြစ်‌ေချမည်။

ထိုစဉ်မှာပင် အဝတ်အိတ်တစ်ခုကို ရင်ခွင်ထဲပိုက်ထားလျက် လုလင်ပျိုတစ်ယောက်က ဆိုင်ထဲဝင်လာ၏။ ထိုအဝတ်အိတ်မှသည် အဖြူရောင်အမွေးများ ပြူထွက်နေသဖြင့် ထိုအထဲတွင် တိရစ္ဆာန်တစ်ကောင်ကောင် ရှိလောက်ပေမည်။ ထို‌လုလင်ပျိုမှာ ဆိုင်ထဲဝင်လာသော်ငြား မည်သူ့ကိုမှ မော့မကြည့်ဘဲ ထောင့်စွန်းတစ်နေရာ၌ ရွေးထိုင်လ်ုက်၏။ ထို့နောက် တိုးလျစွာ မှာလာသည်။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Donde viven las historias. Descúbrelo ahora