အပိုင်း - ၁၉ ( ထွက်ပြေးလွတ်မြောက်ခြင်း )

1.5K 304 5
                                    


အပိုင်း - ၁၉ ( ထွက်ပြေးလွတ်မြောက်ခြင်း )

စည်ကားသိုက်မြိုက်ကာ ရုတ်ရုတ်သဲသဲရှိလှသည့် သိုင်းလောကအစည်းအဝေးပွဲအား အခွင့်အခါကောင်းအဖြစ် အမြတ်ထုတ်မည့်သူမှာ ရှီးဝူသွမ်းတစ်ယောက်တည်း မဟုတ်ခဲ့ပါ၊ ပန့်ယာလည်း ပါခဲ့၏။

‌ထိုနေ့ညနေ ပွဲခင်း၏အစည်ကားဆုံးအချိန်တွင် ရှီးဝူသွမ်းက အခန်းသို့ပြန်သွားရာ သူ့အခန်းထဲ လူတစ်ယောက်ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုသူမှာ မျက်နှာဝိုင်းဝိုင်းလေးရှိသော မိန်းမပျိုလေးတစ်ဉီးဖြစ်ကာ အသက်အားဖြင့် ဆယ့်ငါးဆယ့်ခြောက်နှစ်မျှသာ ရှိမည်ဖြစ်၏။ သူ ဝင်လာသောအခါ သူမလည်း ချက်ချင်းပင် အနေအထိုင်မတတ်ဖြစ်သွားကာ ပျာပျာသလဲ ရှင်းပြလာ၏။

"ရှောင်ရှစ်ရှူး မကြောက်လိုက်ပါနဲ့၊ ကျွန်မ...ကျွန်မက..."

ရှီးဝူသွမ်းက ခြေလှမ်းပင်မပျက်ပါဘဲ သူမအား ကြည့်သည်ဆိုရုံမျှ ကြည့်လာသည်။ ထို့နောက် တံခါးကို ဣန္ဒြေမပျက် ပိတ်လိုက်ကာ ခွန်းတုံ့ပြန်လာ၏။

"ကူလော့ရှစ်ရှူးရဲ့တပည့် ထင်တယ်?"

ထိုမိန်းကလေးမှာ အသက်မကြီးသည်မို့ ကူလော့တာ့ရှစ်၏ မြေးတပည့်အဆင့် ဖြစ်ရပေမည်။ သူမအား တစ်ကြိမ်မျှ မမြင်ဖူးသည့်တိုင် ဤသို့သောဖြစ်ရပ်မျိုးဖြစ်လာမည်ဟုတော့ သူ မျှော်မှန်းထားပြီးသားပါပေ။ ပိထန်မှာ ကူလော့တာ့ရှစ်၏ တပည့်များအား အနီးကပ်စောင့်ကြည့်နေသည်မို့ ယခုလို သုန်မှုန်ကာ မထင်မရှားဖြစ်‌ေသာမိန်းကလေးမျိုးမှသာ သူတို့သတိလက်လွတ်ဖြစ်ချိန် ခိုးထွက်လာနိုင်မည်ဖြစ်၏။

"နာမည် ဘယ်လိုခေါ်လဲ"

မိန်းမပျိုလေးက အနည်းငယ်ရှက်ရွံ့သွားကာ တုံ့ဆိုင်းစွာဖြေလာသည်။

"ဟွေ့အာလို့ ခေါ်နိုင်ပါတယ်၊ ရှောင်ရှစ်ရှူး"

ရှီးဝူသွမ်းက သူမအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ကာ ရှင်းပြလာ၏။

"ထိုင်၊ ဒီထဲ လူတစ်ယောက်ရောက်နေမှန်း ငါ သိပြီးသား။  မင်း ဝင်လာကတည်းက ငါ လုပ်ထားတဲ့ ကြိုဆိုခြင်းအစီအရင်ကို လှုပ်ခတ်စေလိုက်ပြီမို့။ ဝင်လာတဲ့ဧည့်သည်ရဲ့အလေးချိန်ကို မှန်းဆလိုက်တော့ ဘယ်သူ့တပည့်မှန်း ပြောနိုင်တယ် "

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Onde histórias criam vida. Descubra agora