{ အဖွင့် ပဏာမ }

15.3K 769 41
                                    

{ အဖွင့် ပဏာမ  }

ထိုနှစ်၏ ဥတုရာသီမှာ မှန်းဆ၍မရနိုင်သည့် မိုးလေဝသမျိုး ဖြစ်ခဲ့သည်။ ဆီးနှင်းထုမှာ တောင်စဥ်တောင်တန်းများတစ်လျှောက် ဖုံးအုပ်ခြုံလွှမ်းခဲ့ကာ လပေါင်းများစွာကြာသည့်တိုင် ထိုအခြေအနေအတိုင်း ရှိနေခဲ့၏။

ဖင်းယန်မြို့လယ် ကျန့်ရှင်းလမ်းမသည်ပင် လမ်းတစ်ဝက်စာမျှ ဆီးနှင်းများ ဖုံးအုပ်ခံခဲ့ရကာ၊ ထီးနန်းအရိုက်အရာအား သိပ်မကြာသေးမီအချိန်ကမှ ဆက်ခံထားသော ဧကရာဇ်အသစ်က နန်းတက်ပြီးတစ်လအကြာ သူ၏အပြစ်များအား ဝန်ခံ​ဖွင့်ဟထားသော ​စာတမ်းသုံးခုကို ကြေညာလာခဲ့သည်။ ထို့နောက် ညီလာခံသဘင်ထဲရှိ မှူးကြီးမတ်ရာများအား ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ ဗုဒ္ဓဘုရား၊ နတ်ဒေဝတာများနှင့် ဘိုးဘေးဘီဘင်များထံ ဝန်ချတောင်းပန်ရန် ဗောဓိတောင်သို့ ကြွချီတော်မူခဲ့သည်။ ကောင်းကင်ဘုံနန်းမှ ချမှတ်သည့် ဆုံးမဩဝါဒကိုလည်း လက်ခံနာယူရန်ဖြစ်၏။

ထိုအခမ်းအနားကို တာ့ချန်ဂိုဏ်း၏ (၉၂)ဆက်မြောက် ဂိုဏ်းချုပ်ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပေးခဲ့ကာ ခုနစ်သီတင်းခုနစ်ပတ် လေးဆယ့်ကိုးရက်တိတိ ကြာသည့်အထိ ၊ ဝေဟင်ပြင်ထက် မြူနှင်းနှင့်မိုးတိမ် လွင့်ပြယ်ကင်းစင်သည့်အထိ ကောင်းကင်ဘုံအား ဦးညွှတ်ကန်တော့ခဲ့ကြ၏။

ထိုစဥ်တုန်းက အလယ်ပိုင်းလွင်ပြင် ယင်းချန့်ပြည်ထောင်တွင် အငတ်ဘေးဆိုက်နေကာ အစာရေစာ ငတ်ပြတ်သေဆုံးသူတို့၏ ရုပ်အလောင်းများအား နေရာအနှံ့၌ မြင်တွေ့နေရသည်။ ထိုသူတို့၏ ဝိညာဥ်များက မိုးတိမ်မြူနှင်းများ ဖြစ်သွားကြကာ မြောက်ဘက်ကောင်းကင်မှတစ်ဆင့် နက္ခတ်ကြယ်ခွင်များဆီ ဦးတည်ပြီး ကြယ်တာရာပင်လယ်ပြင်အား လှုပ်ယမ်းခဲ့သည်။ နတ်မင်းကြီးခုနစ်ပါး၏ ပလ္လင်များပါ ယမ်းခါခဲ့ကာ ပိုင်ဟူနက္ခတ်က ကျီဝေးနက္ခတ်၏ ရောင်ဝါအလင်းအား ခိုးယူဆောင်ကြဥ်းခဲ့သဖြင့် ပြည့်ရှင်မင်း၏နက္ခတ်မှာ အရောင်အဝါ မှိန်ဖျော့လာခဲ့၏။

( T/n :白虎 ပိုင်ဟူက အနောက်အရပ်ကို ကိုယ်စားပြုတဲ့ ကျားဖြူနက္ခတ်ဖြစ်ပြီး 紫薇 ကျီဝေး ကတော့ မြောက်အရပ်မှာရှိတဲ့ ဧကရာဇ်ကိုယ်စားပြုနက္ခတ် ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ရဲ့ အလင်းရောင် မှိန်သွားတယ်ဆိုတာက ပြည့်ရှင်မင်းအတွက် မကောင်းတဲ့နိမိတ်လို့ ဆိုလိုတာပါ။ )

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Hikayelerin yaşadığı yer. Şimdi keşfedin