အပိုင်း - ၅၈ ( ခံစားချက်အစစ်အမှန် )

1.2K 211 12
                                    


အပိုင်း - ၅၈ ( ခံစားချက်အစစ်အမှန် )

ထိုနှစ်၏ နွေဂိမှာန်အဆုံးတွင် တိုင်းပြည်တစ်ခုလုံး၏ အရင်းအမြစ်ဘဏ္ဍာအား ပုံအောရင်းနှီးထားသော ၊ ကြမ်းတမ်းလှသည့် သူပုန်နှိမ်နင်းရေးစစ်ပွဲကြီးမှာ ရယ်စရာကောင်းစွာ ပြီးဆုံးသွား၏။

ကံဆိုးမိုးမှောင်ကျစွာပင် ရေလမ်းကြောင်းတည့်တည့်၌ စခန်းချမိသော ဘုရင့်တပ်ဖွဲ့များမှာ မိုးမိသောပုရွက်ဆိတ်အုံနှယ် ကစဉ့်ကလျားဖြစ်ကုန်ကာ လူအင်အားတစ်ဝက်ကျော်မျှ ဆုံးရှုံးကြ၏။ တစ်လကျော် အဝိုင်းခံရသော ကုဟွိုင်ယန်အဖို့ ယခုထက်ပိုပြီး စိတ်ပေါ့ပါးစရာကိစ္စ မရှိတော့ပါ။ မည်သည့်ဘက်ခြမ်းမဆို စိုးရိမ်ရမည့် ပြဿနာများ ရှိမြဲဖြစ်ကာ ကုဟွိုင်ယန်လည်း ဤအခွင့်အရေးကို သုံးပြီး မုန့်ကျုန်းယုံ၏တပ်ဖွဲ့များနှင့် ပူးပေါင်းဖို့ ဟွိုင်ကျိုးကို အသော့ပြန်နှင်လာ၏။ တစ်ဖက်ရှိ လီစစ်နျဲန်ကမူ ထိုအခြေအနေကို အခွင့်ကောင်းယူကာ သီးနှံဖြစ်ထွန်းလှသော ဟူကျိုးကို တစ်ကြိမ်တည်းနှင့် အရသိမ်းပိုက်ခဲ့၏။

ဘေးကပ်ဆိုးကြီး ဆောင်ကြဉ်းလာသော ရေလွှမ်းမိုးမှုမှာ နန်းတော်ဘက်ကိုပါ ဂယက်ရိုက်ခဲ့သည်။

အချိန်ရခိုက် သူ့စစ်အင်အားကို ပြန်လည်ဖြည့်တင်းရမည်ဟု သိထားသည့် ကုဟွိုင်ယန်မှာ ထိုးစစ်များကို ခေတ္တရပ်တန့်ခဲ့၏။ ရေလွှမ်းမိုးမှုက လမ်းတစ်လျှောက်ရှိ ကျေးရွာများအား တိုက်စားသွားရာ တတ်နိုင်သလောက် ပြည်သူများကို အမြန်သွားကူရန် ကုဟွိုင်ယန်က လီစစ်နျဲန်အား စေလွှတ်လိုက်သည်။ ထို့နောက် မင်မြစ်ဝှမ်းမှဒုက္ခသည်များအား ကူညီရန် မရပ်မနား မအိပ်မနေ စခန်းများ တည်ဆောက်စေ၏။

ဟုတ်ပါသည်။ ဟိုင်နင်ဘုရင်ဟု သူ့ကိုယ်သူ သမုတ်နိုင်သည့် ကုဟွိုင်ယန်မှာ ထိုမျှထိ သဒ္ဓါထက်သန်နေသည်တော့ မဟုတ်ပါ။ သူက်ိုယ်တိုင်လည်း ထိုအခြေအနေမျိုး ရောက်ဖူးသောကြောင့် ထိုသူတို့ကို သူ သနားမိသော်ငြား ဤထက်ပိုပြီး ပေးနိုင်စွမ်းမရှိခဲ့ပါ။ ထို့အပြင် ယခုလိုအကူအညီပေးခြင်းမှာ ပထမအချက် ၊ သူတို့၏တပ်ဖွဲ့ နာမည်ဂုဏ်သတင်း ကောင်းမွန်ကျော်ကြားစေရန်ဖြစ်သည်။ ဒုတိယအချက် ၊ ရုတ်တရက် နေစရာဘုံပျောက်သွားသည့် ဒုက္ခသည်များက တပ်သားသစ်စုဆောင်းရေးအတွက် အ‌ေနတော်ပင် မဟုတ်လော။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Tempat cerita menjadi hidup. Temukan sekarang