အပိုင်း - ၁၃ ( ခွဲခွာခြင်း )

1.7K 305 16
                                    

အပိုင်း - ၁၃ ( ခွဲခွာခြင်း )

"အာ့!!!!"

ရှီးဝူသွမ်းက မြေပြင်ပေါ် ဖင်ထိုင်လျက် ကျသွားပြီးသည့်နောက် ပိုင်လီဘက် လှည့်ကြည့်လာသည်။ ပိုင်လီ၏ ပိန်ပါးလှသောမျက်နှာမှာ မော့ပင်မလာနိုင်တော့သည့်အထိ အားနည်း‌ချည့်နဲ့နေဟန်ရကာ ပုခုံးတစ်ဖက်ထက် မှီထားရလို့။ သူ့မေးစေ့နှင့် ပွတ်တိုက်ပါများသောကြောင့်လားမသိ၊ ပုခုံးတွင် ဒဏ်ရာတစ်ခု ရနေပေ၏။ ရှီးဝူသွမ်းမှာ အဝေးမှကြည့်လိုက်ရုံနှင့် ထိုသူက ပိုင်လီဖြစ်ကြောင်း တပ်အပ်ပြောနိုင်သည်။ သို့သော် ယခုလို တစ်ယောက်နှင့်တစ်ယောက် ပူးကပ်မတတ် နီးကပ်သွားသောအခါ သူ့ရှေ့ရှိလူအား မရင်းနှီးမကျွမ်းဝင်ဖူးသလို ခံစားလာရ၏။

ပန်းနုရောင် ပေါက်စီလေးနှင့်တူသော ကလေးမလေးမှ မည်သို့မည်ပုံ ပုရိသယောက်ျားတစ်ယောက် ဖြစ်သွားပါသနည်း။

ကံကောင်းစွာဖြင့်ပင် ရှီးဝူသွမ်းမှာ ငယ်ရွယ်နေသေး၏။ "ဇနီးလေး"သော "ယောက္ခမကြီး"သော လျှောက်ခေါ်နေသည့်တိုင် ထိုစကားလုံးများအား သိရုံမျှသာသိသေးကာ မြေခွေးဘုရင်မအား စိတ်ဆိုးအောင် ဆွဖို့ရာ ပါးစပ်ပုပ်ကြီးနှင့် လျှောက်ပြောနေခြင်းသာဖြစ်၏။ ၎င်းတို့က ယောက်ျားမိန်းမကြားက အချစ်မေတ္တာအတွက် သုံးကြဖို့ ရည်ရွယ်မှန်းလည်း လုံးဝလုံးဝ နားမလည်ခဲ့။ ထို့ကြောင့် ထူးဆန်းသည်ဟုသည် မခံစားရပါဘဲ အခြားတုံ့ပုန်ချက်ကြီးကြီးမားမား မရှိခဲ့။ ထို့နောက် ပိုင်လီ၏ပုခုံးအား မရဲတရဲတွန်းလိုက်ကာ တိုးတိုးလေးမေးလာ၏။

"မင်းက....ရှောင်...ရှောင်လီကျီလားဟင်?"

ပိုင်လီက ခွန်အားများအား မနည်းစုစည်းကာ ခေါင်းမော့လာသည်။ ထို့နောက် ရှီးဝူသွမ်းအား အားပြုကာ သေချာထထိုင်လိုက်၏။ တစ်ဖက်လူ၏ရင်အုပ်ထက်သို့ လက်ဖြင့် ဖိကပ်ထားကာ တိုးလျသိမ်မွေ့စွာ ပြောလာသည်။

"ဘာလို့ ဒီကို လာတာလဲ။ သွား....မြန်မြန်သွားတော့"

အာ၊ ပိုင်လီအစစ်ပဲ....

ရှီးဝူသွမ်းမှာ ခေတ္တမျှ ဆွံ့အသွားခဲ့သည်။ ပိုပြီးတိတိကျကျဆိုရလျှင် ဘာဖြစ်သွားမှန်းမသိ‌ေသာ အခြေအနေထဲ မျက်စိလည်နေ၏။ ပိုင်လီက ယောက်ျားတစ်ယောက်အဖြစ် မည်သို့မည်ပုံ ကြီးပြင်းလာပါသနည်း။ သို့ဆိုပါက သူ၏ဇနီးလေး ဖြစ်မပေးနိုင်တော့ပြီလော။ သေချာပါသည်၊ ပိုင်လီ၏မိခင်က သူ့အား ကောင်းကောင်းမွန်မွန် မဆက်ဆံသောကြောင့်ဖြစ်ရမည်။ အိုက်ယိုး၊ ထို့ကြောင့်လည်း မိန်းမသားများက ဆယ့်ရှစ်မ‌ျိုးသောပြောင်းလဲမှုများအား ရင်ဆိုင်ရသည်ဆိုသော စကားမှာ အတည်မှန်ကန်နေခဲ့သကိုး။ ကလေးလေးအဖြစ်မှ မိန်းမပျိုတစ်ဦးအဖြစ်သို့ ကြီးပြင်းလာခြင်းမှာ ထူးဆန်းစွာပင် ခက်ခဲကြမ်းတမ်းနေလောက်သည်သာ။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Unde poveștirile trăiesc. Descoperă acum