Chapter 82
ဖုယွမ်ချွမ်းက ဥာဏ်ရည်တုအားထိလိုက်သည်။
“သူတောက်လျှောက်စာတွေပို့နေတာပဲ...ကြာတော့ကိုယ်စိတ်ရှုပ်လာတာနဲ့ အမည်ပျက်စာရင်းထဲထည့်လိုက်တယ်...”
ကျွင်းချင်ယွီက ထိုအသံထဲတွင် ထောင်လွှားမှုအချို့ပါဝင်နေကြောင်း သတိပြုမိလိုက်သည်။
“ခင်ဗျားကို သူဖိအားပေးလာမှာ မစိုးရိမ်ဘူးလား...”
သူတို့အခုအချိန်ထိ လုပ်ခဲ့သောအရာများမှာ တစ်ဖက်လူက တပ်မအား အဆင်အခြင်မဲ့ ရန်စမည်မဟုတ်ကြောင်း သေချာနေ၍ဖြစ်သည်။
“သူ လုပ်မှာမဟုတ်ဘူး....” ဖုယွမ်ချွမ်းက အခိုင်အမာပြောလာသည်။ “သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ ဖြန့်ဝေတဲ့အချိန်တုန်းက တစ်ချို့မာရှယ်တွေ ကိုယ့်ကိုဆက်သွယ်လာတယ်...တစ်ချို့ကတော့ စောင့်ကြည့်နေကြတယ်လေ...”
ဖုယွမ်ချွမ်းက ဥာဏ်ရည်တုကိုဖွင့်ကာ စာများအားလုံးကို ရေသူလေးကြည့်နိုင်ရန် ဖွင့်ပြလိုက်သည်။ “ဒီမနက်တော့ ကိုယ်မာရှယ်အားလုံးဆီက စာတွေလက်ခံခဲ့ရတယ်...ဒီလိုအခြေအနေမျိုးမှာ အဲဒီ့လူက မဆင်မခြင် လုပ်မှာမဟုတ်ဘူး...”
ကြယ်တာရာစုများအတွင်း စစ်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိကာ တပ်မတိုင်းက ဓာတ်ရောင်ခြည်သင့်ခြင်းကြုံရတတ်သည်။ ရေသူမျိုးနွယ်ကဲ့သို့ စိတ်စွမ်းအားကုသသည့်အဖိုးတန်ရတနာများမှာလည်း စစ်သည်တိုင်းအသုံးပြုနိုင်သောအရာများမဟုတ်ချေ။
ထိုကဲ့သို့အရေးတကြီးအခြေအနေမျိုးတွင် ဖုယွမ်ချွမ်းက သစ်သီးများစွာဖြန့်ချီပေးခြင်းဖြစ်သည်။ ထာဝရစီးပွားဖက်များသာရှိပြီး ထာဝရရန်သူဟူ၍မရှိချေ။ ထို့အပြင် မာရှယ်တိုင်းလိုလိုက အစည်းအဝေးများ၌သာ ဖုယွမ်ချွမ်းနှင့်စကားပြောဖူးခြင်းဖြစ်ပြီး ရန်ငြိုးထားစရာကိစ္စလည်းမရှိချေ။
တပ်မတော်၏ကုန်ကျစရိတ်များမှာ အလွန်များပြားလှသည့်အတွက် စစ်မက်ဖြစ်ပွားခြင်းကို တတ်နိုင်သလောက်ရှောင်ကြဥ်လေ့ရှိကြသည်။ စစ်ရေးကုန်ကျစရိတ်က ပစ္စည်းစရိတ်ထက်ပို၍များပြားသဖြင့် မည်သူကမှ ဖုယွမ်ချွမ်း၏သစ်သီးများကို တိုက်ခိုက်ရယူလိုခြင်းမရှိကြခြင်းဖြစ်သည်။