Chapter 92
ဖုယွမ်ချွမ်းသာ မှတ်ဉာဏ်ပြန်မရသေးပဲ ဖုယန်ဟုန်အားထိန်းချုပ်ရန်မပြင်ဆင်ထားခဲ့ပါက ငိုယိုအော်ဟစ်ကာ ဝမ်းနည်းစရာမြင်ကွင်းကို ဖန်တီးကြဦးမှာဖြစ်သည်။
ကျွင်းချင်ယွီ တွေးကြည့်ရုံနှင့်ပင်စိတ်လေသွား၏။
သူများရဲ့မှတ်ဉာဏ်ကို ရှုပ်ထွေးအောင်လုပ်ရတာ ဘာများပျော်စရာကောင်းလို့လဲ...
ကျွင်းချင်ယွီက မျက်လွှာအသာချကာ သူ၏မျက်ဝန်းအနက်ရှိုင်းဆုံးမှ ခံစားချက်များကို မျက်တောင်ရှည်များဖြင့်ဖုံးကွယ်လိုက်သည်။ စိတ်ထဲတွင် ထိုသူတို့အတွက်အစီအစဥ်များစွာဖြင့် ပြည့်နှက်၍နေလေသည်။
ရေသူလေးအငိုရပ်သွားသည့်အတွက် ဖုယွမ်ချွမ်း သက်ပြင်းအသာချလိုက်သည်။ သို့သော် သူက တိတ်ဆိတ်နေမြဲဖြစ်၏။ ဖုယွမ်ချွမ်းက ရေသူလေး ခေါင်းလေးကိုပွတ်သပ်ပေးရင်း “စားရအောင်လေ...ခဏကြာရင် အေးကုန်တော့မယ်...”
ကျွင်းချင်ယွီ မျက်တောင်တစ်ချက်ခတ်လျက် မျက်ဝန်းထဲရှိအေးစက်မှုများကို ပျောက်ကွယ်စေလိုက်သည်။ သူက ဖုယွမ်ချွမ်းကို အပြစ်ကင်းစွာမော့ကြည့်လိုက်ကာ “ကျွန်တော် လမ်းမလျှောက်ချင်ဘူး…”
“ဒါဆို ကိုယ်မင်းကိုပွေ့သွားပေးရမလား...ဒါမှမဟုတ် ကင်းမွန်ဗန်းကိုသယ်လာပေးရမလား...”
“ကျွန်တော့်ကိုချီ...”
ကင်းမွန်ကင်ထားသည့်နေရာဘေးတွင်လည်း ထိုင်ခုံများရှိလေသည်။ သို့သော် သူတို့ထိုင်နေသည့် ကူရှင်လောက်တော့မကြီးချေ။
ကင်းမွန်ကင်က အနည်းငယ်အေးနေပြီဖြစ်ရာ ဆော့စ်အရသာပို၍ပြင်းသွား၏။
ကျွင်းချင်ယွီ အရသာအပေါ်အာရုံမရောက်ချေ။ သူက အကင်တံတစ်ချောင်းကိုယူကာ စားလိုက်သည်။ ခဏတွေးနေပြီးနောက် ဖုယွမ်ချွမ်းကိုမေးလိုက်၏။
“ဖုချန်းယွီ မွေးနေ့အခမ်းအနားမှာပြဖို့ပြင်ခဲ့တဲ့ဗီဒီယိုကဘာလဲ...”
၎င်းက ယောင်ယောင်ပေးထားသည့်ဗီဒီယိုနှင့် အလဲခံလိုက်ရတာဖြစ်ပြီး ဖုယွမ်ချွမ်းကိုအကွက်ဆင်ရန် ဖုချန်းယွီပြင်ဆင်ထားသည့် ဗီဒီယိုသက်သက်ရှိသေးသည်။