Ch 14 - Forensic Examination 04

147 31 1
                                    

《 ကျွန်တော်က မှုခင်းဆေးပညာရှင်တစ်ယောက် 》

တကယ်တမ်းတွင် သူ့ကိုစကားပြောနေသော ကိုယ်ပျောက်လူသားက ယင်းကျားမင်ပဲဆိုတာကို သူအတည်ပြုလိုက်ချိန်ကတည်းက ဤလူ အပြစ်ကင်းတယ်ဆိုတာ သူယုံကြည်မိပြီးသားဖြစ်သည် ။

သို့သော် ယုံကြည်မှုက တစ်ကဏ္ဍ ၊ ချက်ကျလက်ကျအတည်ပြုခြင်းက သပ်သပ်တစ်ကဏ္ဍပင် ။

" ၂၁ရက်နေ့ အစောပိုင်းတုန်းက ခင်ဗျားဘယ်မှာရှိနေခဲ့တာလဲ..."

ယဲ့ဟွိုင်ရွေ့က ယင်းကျားမင်ကို မေးလိုက်၏ ။

၂၁ရက်နေ့ အစောပိုင်းက ဘဏ်ဓါးပြမှုဖြစ်သည့်အချိန်ဖြစ်ပြီး မှုခင်းဆေးပညာရှင်ယဲ့က ယင်းကျားမင်ဘယ်မှာရှိနေခဲ့သလဲဆိုတာ သေချာအောင်လုပ်နေတာပင် ။

ယင်းကျားမင်က အနည်းငယ်ခါးသီးစွာ ရယ်မောလာ၏ ။

" ဟူး...၂၀ရက်နေ့ညတုန်းက ကိုယ်အိမ်မှာတစ်ယောက်တည်း တီဗွီကြည့်နေခဲ့တာ..."

ဤအကြောင်းကို ပြန်ပြောရတာက သခင်လေးယင်းအဖို့ ဆေးခါးတစ်ခွက်ကို မျိုချနေရသလိုပင် ၊ သူ့အသံက ကြိတ်မနိုင်ခဲမရဖြစ်နေ၏ ။

" ပုံမှန်ဆို အဲ့ဒီအချိန်တွေမှာ ကိုယ်က ဟိုတယ်မှာပဲ ပြဿနာတွေရှင်းလိုက် ၊ ညီအစ်ကိုတွေနဲ့ အရက်လေးသောက်မုန့်လေးစားလိုက်လုပ်နေကြ ...တစ်ယောက်မဟုတ် တစ်ယောက်ကတော့ အမြဲကိုယ့်အနားမှာရှိတယ်... ဒါပေမဲ့ အဲ့ဒီနေ့ကျမှ ကိုယ်ပြိုင်ပွဲတစ်ခုကြည့်ဖို့ အိမ်စောစောပြန်မယ်ဆိုပြီး ည၈နာရီလောက်မှာ အိမ်ပြန်ရောက်သွားတာပဲ... "

ယင်းကျားမင် ပြန်တွေးနေမိ၏ ။

" ပြီးတော့ ကိုယ်ပြိုင်ပွဲကြည့်တယ်...နည်းနည်းသောက်ပြီး ည၁၁နာရီ ဝန်းကျင်လောက်မှာပဲ အိပ်သွားတာ..."

" အဲ့ဒီညတုန်းက တစ်ခြားဘယ်သူမှ ခင်ဗျားအိမ်မှာ မရှိကြဘူးလား...အိမ်အကူပဲဖြစ်ဖြစ်လေ..."

ယဲ့ဟွိုင်ရွေ့က မေးလာ၏ ။

" ပြီးတော့ ခင်ဗျားပြန်လာတဲ့အချိန် လုံခြုံရေး ဒါမှမဟုတ် အိမ်နီးချင်းလိုမျိုး ခင်ဗျားတည်နေရာကိုသက်သေခံပေးနိုင်မယ့် လူတစ်ယောက်ယောက်နဲ့ရော ဆုံခဲ့သေးလား..."  

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now