《 ကိုယ်တွေးမိတာတစ်ခုရှိတယ်... မင်းနားထောင်ချင်လား 》ယင်းကျားမင်၏ အဖြစ်အပျက်ကိုနားထောင်ပြီးနောက် ယဲ့ဟွိုင်ရွေ့အားလုံးကို နားလည်သွား၏ ။
ဓါးပြများက ကျင်းမြို့၏ အရှေ့တောင်ပိုင်းရှိ ဖုလုံဆိပ်ကမ်းမှ ထွက်ပြေးဖို့ စီစဥ်ထားပြီး သိုက်ကျွင့်ဖုန် ငှားရမ်းနေထိုင်သောအိမ်က ကျင်းမြို့၏ အရှေ့ပိုင်း ထန်ဝေ့ရပ်ကွက်၌ ရှိသည် ။
ဖုလုံဆိပ်ကမ်းက ထန်ဝေ့ဧရိယာနှင့် သိပ်မဝေးသော်လည်း ၎င်းက လူပြတ်လပ်သောနေရာဖြစ်ပြီး ကိစ္စကောင်းတစ်ခုခုကြောင့်တော့ သိုက်ကျွင့်ဖုန်က ထိုနေရာကို သွားစရာအကြောင်းမရှိလောက်ပေ ။
အကယ်၍ ဖုလုံဆိပ်ကမ်းမှ သဲပွင့်က သိုက်ကျွင့်ဖုန်၏ နေအိမ်တွင် ပေါ်လာပြီဆိုလျှင် ၎င်းက စုံစမ်းစစ်ဆေးဖို့ သိသိသာသာကို လိုအပ်လာချေပြီ ။
" ဖြစ်နိုင်ချေ နှစ်ခုတော့ရှိတယ်.... "
ယဲ့ဟွိုင်ရွေ့ တခဏမျှတွေးဆကြည့်ပြီးမှ သူ့အယူအဆကို ထုတ်ပြောလာ၏ ။
" ပထမတစ်ခုက သိုက်ကျွင့်ဖုန်က ဓါးပြတွေနဲ့ ကြံရာပါဖြစ်နိုင်တယ်...ဓါးပြတွေ ဖုလုံဆိပ်ကမ်းကနေ ထွက်ပြေးမယ်ဆိုတာ သူသိထားလို့ သူကအရင်ဆုံးကြိုပြီး နယ်မြေကိုထောက်လှမ်းထားတာပဲ ဖြစ်ရမယ်...တံခါးဘောင်ကြားမှာတွေ့ရတဲ့ သဲပွင့်က သူထောက်လှမ်းပြီး အပြန်ကပ်ပါလာတာမျိုး ဖြစ်နိုင်တယ်... "
" ခဏလေး ! "
ယင်းကျားမင်က သူ့ကိုဖြတ်ပြောလိုက်သည် ။
" သူကိုယ်တိုင်ကိုက ဓါးပြလေးယောက်ထဲက တစ်ယောက် ဖြစ်နေနိုင်တာလား ? "" ဒါက တကယ်ကို ဖြစ်နိုင်ချေရှိတာပဲ... "
ယဲ့ဟွိုင်ရွေ့က ပြုံးလျက်
" ခင်ဗျား သိုက်ကျွင့်ဖုန်စီးတဲ့ ဖိနပ်တွေအားလုံးရဲ့ ဖိနပ်ခုံကိုရော စစ်ဆေးကြည့်ခဲ့သေးလား... "
" ဟင် ? "
ယင်းကျားမင် ခဏတွေးကြည့်ပြီးကာမှ ရုတ်တရက် ထအော်လိုက်သည် ။
" သေစမ်း ! ကိုယ်မေ့သွားတယ်... "
တကယ်ပဲ ထိုသဲပွင့်များက သိုက်ကျွင့်ဖုန်ကိုယ်နှင့်ကပ်ပါလာတာဆိုလျှင် သူ့ဖိနပ်ခုံ၌လည်း သေချာပေါက် တူညီသည့် သဲမှုန်စ နှင့် ကျောက်မီးသွေးမှုန့်များ ကပ်ပါနေလိမ့်မည် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)