《 ဂျူလိုင် ၂၁ 》နေအိမ်အဆောက်အဦ၏ လှေကားက အဝင်ပေါက်၌ သံပန်းတံခါးနှင့်အတူ တိုက်အလယ်နေရာ၌ ရှိနေသည် ။ သော့အိမ်ကို လက်ချောင်းပမာဏအထူရှိသော ချိန်းကြိုး နှင့်ပတ်ထားပြီး လက်ဖဝါးတစ်ဝက်စာမျှအရွယ် သံသော့ခတ်ဖြစ်၏။
ယင်းကျားမင် အနားမှာဘယ်သူမှ ရှိမနေတာသေချာအောင် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဂိတ်ပေါက်ဝနားသို့ အမြန်ကပ်သွားကာ သူ့ခါးပတ်တွင် ချိတ်ဆွဲထားသော သော့ချိတ်ကို ဖြုတ်လိုက်သည် ။
သူ့သော့ချိတ်၌ အရှည်က လက်ညှိုးတစ်ချောင်းစာအရွယ် နှင့် လက်ထိပ်ပိုင်းအထူလောက်ရှိသည့် မထင်ရှားသော အဆင်တန်ဆာတစ်ခုတပ်ဆင်ထား၏ ။ ပုံစံက ဆွစ်ဇ်စစ်တပ်သုံးဓားနှင့် ဆင်တူပြီး သော့အိမ်မျိုးစုံကို ထိုးကော်ဖွင့်နိုင်သည့် ပုံစံမျိုးပင် ။
ကျွမ်းကျင်သည့်သူတိုင်း တစ်ချက်ကြည့်ရုံဖြင့် ဒါက သော့ခတ်ကို ဖွင့်ရန်အထူးပြုလုပ်ထားသည်ဆိုတာကို သိနိုင်၏ ။
သူအရင်က လမ်းဘေးနေလမ်းဘေးစားခဲ့ရသည့် အတိတ်တွေကိုသာ ကျေးဇူးတင်ရပေမည် ။ ယင်းကျားမင်က လူပေါင်းစုံနှင့် ပေါင်းသင်းဖူးပြီး သံချောင်းတစ်ချို့နှင့် သော့ခလောက်ဘယ်လို ထိုးဖွင့်ရမလဲဆိုတာအပါအဝင် ဟိုစပ်စပ်သည်စပ်စပ်လည်းအကုန်လုပ်ဖူး၏ ။
တာဝန်ကို သူမိနစ်အနည်းငယ်အတွင်း အပြီးသတ်နိုင်လိုက်သည် ။
ထို့နောက် ယင်းကျားမင်က တိတ်တဆိတ်သော့အိမ်ကို ဖြုတ်ကာ ချိန်းကြိုးကိုဖြည် ၊ သံပန်းတံခါးကို လူဝင်နိုင်ရုံလောက် အသာတွန်းဖွင့်ကာ ဝင်သွား၏ ။ သူအထဲရောက်တာနှင့် ချိန်းကြိုးကိုပြန်ချည် ၊ သော့ကိုအသာလေး ခတ်ရုံသာပြန်ခတ်ထားလိုက်သည် ။
ဤသို့ဖြင့် တစ်ယောက်ယောက်က အနီးကပ်လာကြည့်လျှင်တောင် သံပန်းတံခါးကပွင့်နေပြီး သော့ခတ်မထားဘူးဆိုတာကို မည်သူမှ ရိပ်မိမှာ မဟုတ်ချေ ။
ယင်းကျားမင်၏ လှုပ်ရှားမှုတွေက အလွန်သွက်လက်ပေါ့ပါးနေပြီး သံပန်းတံခါးကိုဖွင့်တာတောင်မှ ပွတ်တိုက်သွားသည့်အသံအနည်းငယ်ဆိုရုံမျှ ထွက်လာသောကြောင့် မည်သူ့ကိုမျှ အနှောင့်အယှက်မဖြစ်စေပေ ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)