《 ဒီလူက သေဆုံးတာဘယ်လောက်ကြာနေပြီလဲဆိုတာ မင်းပြောနိုင်လား 》
ကျောက်ချွေ့ဟွာက ပြတင်းပေါက်တွင် မှီလျက် ရဲအရာရှိများ နောက်ဖေးလမ်းထဲပြေးသွားတာကို မြင်ကွင်းမှ မပျောက်မချင်း ကြည့်နေခဲ့သည် ။ ထို့နောက်မှသာ သူသက်ပျင်းချပြီး ပြတင်းပေါက်ကို တင်းတင်းစေ့လိုက်၏ ။
ပြီးနောက် ကုတင်ရှိရာသို့ သူခပ်မြန်မြန်သွားကာ ရှုပ်ပွနေသော စောင်တွေ၊ အဝတ်တွေကို ဖယ်ကာ အိပ်ယာခင်းကို ချွတ်၍ မွေ့ယာအပါးကို ဘေးသို့ရွှေ့လိုက်သည် ။
၎င်းက တကယ်တော့ ကုတင်အစစ်မဟုတ်ဘဲ သစ်သီးများထုတ်ပိုးရန်သုံးသော သစ်သားပုံးခွံကို လေးထောင့်ပုံစံပြန်ရိုက်ကာ အပေါ်က မွေ့ယာအပါးခင်း၍ အိပ်ယာခင်းများနှင့် ကုတင်ဆင်ထားခြင်းသာဖြစ်၏ ။
သစ်သားပုံးကိုယ်ထည်၏ အတွင်းက ဟောင်းလောင်းဖြစ်နေပြီး ယင်းကျားမင်က ထိုအထဲတွင် ဝင်ခွေကာ သူ၏မြင့်မားသောအရပ်ကြောင့် ကြမ်းပြင်နှင့် ကပ်နေရပြီး သူ့ကျောပိုးအိတ်ကိုလည်း အမိအရကိုင်ထားရသေးသည် ။
" မင်ကော... ရဲတွေ ထွက်သွားပြီ "
ကျောက်ချွေ့ဟွာက လက်လှမ်းကာ ယင်းကျားမင်ကို ကူညီပေးလိုက်သည် ။
" ကျေးဇူးပဲ ချွေ့ဟွာရာ... "
၎င်းက ရင်းနှီးသောခေါ်ဆိုမှုပင် ။ အကယ်၍သာ ကျောက်ချွေ့ဟွာ၏ အမြန်စဥ်းစားလိုက်သော အကြံကြောင့်မဟုတ်လျှင် ယင်းကျားမင် သေချာပေါက် ရဲတွေလက်ထဲ၌ အဖမ်းခံနေရချေပြီ ။
" မင်းဉာဏ်ပြေးပြီး ငါပြောလိုက်တဲ့စကားကို နားလည်လို့ တော်သေးတာပေါ့..."ကျောက်ချွေ့ဟွာက သူ့ခါးထက်ရှိ ပေဂျာကို ပုတ်ပြရင်း အူလှိုက်သည်းလှိုက်ရယ်မောကာ ယင်းကျားမင်ကိုလည်း လက်မထောင်ပြလာ၏ ။
" ကိစ္စမရှိပါဘူး... ကျွန်တော်တို့ ညီအစ်ကိုတွေအချင်းချင်း နားလည်တဲ့အကွက်ကတော့ ရှိတာပဲလေ..."လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ယင်းကျားမင်တစ်ယောက် သူ့နောက်လိုက်တွေနှင့်အတူ ချွေ့ဟွာအဖိုး၏အိမ်သို့ ပထမဆုံးသွားလည်ခဲ့စဥ်က အဖိုးအိုက အလွန်ဝမ်းသာလွန်း၍ သူတို့ကို ဧည့်ခံဖို့ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးခဲ့သည် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Misterio / SuspensoCP: ယင်းကျားမင် × ယဲ့ဟွိုင်ရွေ့ Author : လွီကျီကျီ ( 吕吉吉 ) Chapter : 102 + 19 extra I don't own this story. All credits to original author.