Ch 34 - Heredity 03

268 54 6
                                    

《 ဒီအဖြစ်အပျက်မျိုးက တကယ့်ကို ဝတ္ထုဆန်တာပဲ 》

မြေအောက်ခန်းထဲတွင် မှောင်လွန်း၍ ပရိဘောဂပစ္စည်းများကိုပင် မြင်ဖို့ခက်နေချိန်တွင် ယဲ့ဟွိုင်ရွေ့ လူအရိပ်ယောင်ကို ဝိုးတဝါးတွေ့လိုက်ရ၏ ။

ထိုအခိုက်အတန့်မှာပဲ " နေ့ခင်းကြောင်တောင်ကြီး သရဲကိုတွေ့မြင်လိုက်ရသည် " ဟူသော အဓိပ္ပါယ်ကို သူကောင်းစွာ နားလည်သွားသည် ။

" ထိုလူ" ကသူ့ရဲ့ ကုလားထိုင်ဟောင်း၌ ထိုင်နေ၏။ အရိပ်ယောင်က မြင်သာရုံသာရှိပြီး ရှင်းရှင်းလင်းလင်းမဟုတ်သော်ငြား လူပုံသဏ္ဍာန်ပဲဆိုတာ မမှားနိုင်ပေ ။ ထိုအရာ၌ လည်ပင်း ၊ ကိုယ်လုံး ၊ ခြေတံလက်တံရှည်များရှိကာ ကုလားထိုင်ကို ပေါ့ပေါ့ပါးပါး မှီထိုင်နေ၏ ။ ပိုပြီးတိတိကျကျပြောရလျှင် ၎င်းက ခွေခေါက်ထိုင်နေသည့် ကိုယ်နေဟန်ထားပင် ။

ယဲ့ဟွိုင်ရွေ့ အလွန်ကို ချောက်ချားသွား၏ ။ အသံကျယ်ကြီး ထမအော်မိအောင် အောင့်ထားပြီး မြေအောက်ခန်းမီးခလုတ်ကို အမြန်ဖွင့်လိုက်သည် ။

" ကလစ်ခ် ! "

မီးရောင်လင်းလာပြီး ထိုင်ခုံတွင်ထိုင်နေသောသူက အသံပြုလိုက်တာကြောင့်ပဲလား သို့မဟုတ် ရုတ်တရက် မီးထလင်းသွားတာကြောင့်ပဲလားမသိ ၊ ထိုင်ခုံမှ ဆတ်ခနဲထလိုက်၏ ။

ထို့နောက် ယဲ့ဟွိုင်ရွေ့ အလွန်ကို ထိတ်လန့်ရင်ဖိုဖွယ်ရာ မြင်ကွင်းအား မျက်မြင်တွေ့လိုက်ရသည် ။

ထိုလူက လေဟာနယ်ထဲကို တစ်ခုခုတွန်းထုတ်လိုက်သည့် ပုံစံမျိုး လှုပ်ရှားလာကာ ထို့နောက် ထိုင်ခုံကိုဖြတ်၍ လမ်းလျှောက်လာပြီး တစ်ဖြည်းဖြည်းချင်း သူ့ဆီကို ချဥ်းကပ်လာ၏ ။

ယဲ့ဟွိုင်ရွေ့ ခေါင်းမွှေးပင်ထောင်လာရပြီး လှည့်ထွက်မပြေးမိအောင် အားကုန်တောင့်ခံထားရသည် ။ သူက စကားထုတ်ပြောရင်း နှုတ်ခမ်းတွေပါ ခိုက်ခိုက်တုန်လာ၏ ။

" ခင်.. ခင်ဗျားကဘယ်သူလဲ ? "

မှုခင်းဆေးဆရာဝန်ယဲ့ တည်ငြိမ်အောင်ကြိုးစားပါသော်လည်း သူ့အသံတွေ တုန်ယင်နေတာ သိသာ၏။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now