《 ငါသိသားပဲ ! 》
ထိုအချိန်၌ မည်သူရှိခဲ့သလဲ ၊ ဝမ်ယန့်ကို မည်သူသတ်ခဲ့သလဲဆိုတာကို အပထား ၊ ရဲအရာရှိဟွမ်မှာ ဘာကြောင့် သူမခြေထောက်ကို ခြေအိတ်စွပ်ပေးခဲ့သလဲဆိုတာကိုပင် စဥ်းစားမရဖြစ်နေ၏ ။
တကယ်တမ်း၌ အနှီခြေအိတ်က ဆွဲကြိုးချခြင်းနှင့် ဘာများသက်ဆိုင်မှုရှိနေရသနည်း ။
တစ်စုံတစ်ယောက်၏ ခြေထောက်၌ ခြေအိတ်ဝတ်ပေးခြင်းက အသက်ရှုကျပ်တာမျိုးလည်း မဖြစ်စေနိုင်သလို သွေးမလည်ပတ်တာမျိုးလည်း ဖြစ်စေမည်မဟုတ် ။ ထို့အပြင် ၎င်းက ဆွဲကြိုးချတာကို ပိုယုတ္တိရှိသွားစေဖို့လည်း မဖြစ်နိုင်ပေ ။
ရဲအရာရှိဟွမ် နှင့် သူ့လုပ်ဖော်ကိုင်ဖက်မှာ ဤအကြောင်းကို စဥ်းစားလေလေ ၊ ဦးနှောက်ခြောက်လာလေလေဖြစ်ပြီး နှစ်ယောက်သား မျက်မှောင်ကြုတ်လျက်ရှိနေ၏ ။
" ဒါနဲ့ပက်သတ်ပြီး ကျွန်တော့်မှာ သီအိုရီတစ်ခုတော့ရှိတယ် ... "
ယဲ့ဟွိုင်ရွေ့လည်း မျက်ခုံးတွန့်ချိုးလျက်သား သေဆုံးသူ၏ လည်ပင်းကို စူးစိုက်ကြည့်နေသည် ။
" ဒါပေမဲ့ အဲ့ဒါက အထင်သပ်သပ်ပဲရှိပါသေးတယ် ... ဘာသက်သေမှမရှိဘူး ... "
" ငါတို့ကို ဆက်ပြောစမ်းပါအုန်းကွာ ..."
ရဲအရာရှိဟွမ်က လက်ဆုပ်လက်ကိုင်ပြစရာမရှိတာကို စိတ်ထဲထားမနေပေ ။ သူ့ခေါင်းထဲရှုပ်နေတာကို ရှင်းရှင်းလင်းလင်းလုပ်နိုင်လျှင်ပင် ရချေပြီ ။
ယဲ့ဟွိုင်ရွေ့က အရာရှိဟွမ်ကို တစ်ချက်ကြည့်လိုက်သည် ။
" ကျွန်တော်ထင်တာတော့ တက်နင်းသွားတဲ့ပစ္စည်းကြောင့် ဖြစ်လိမ့်မယ် ... "" ဟင်? "
ရဲအရာရှိဟွမ် ပဟေဠိဖြစ်နေဆဲပင် ။
" ဘာသဘောလဲ ? "ဘေးနားတွင်ရပ်နေသော အိုးယန်ထင်းထင်းမှာ ရုတ်တရက် အလင်းပွင့်သွားပြီး ယဲ့ဟွိုင်ရွေ့၏ အတွေးကို မှန်းဆမိလိုက်သည် ။
" ခြေဗွေရာနဲ့ ပက်သက်တာကို ပြောချင်တာလား ..."သူမက ဝမ်ယန့်၏ ခြေဖဝါးကို ညွှန်ပြလျက်
" ဘာလို့လဲဆိုတော့ အဲ့ဒီလူက ဝမ်ယန့်ရဲ့ ခြေဗွေရာကို ခုံပေါ်မှာ စွဲကျန်အောင်မလုပ်နိုင်လို့ပဲ ... ဒါကြောင့် အဲ့ဒီအပြစ်အနာဆာကို ဖုံးဖို့ ခြေအိတ်ဝတ်ပေးလိုက်တာပဲဖြစ်ရမယ် ..."
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)