《 ကျုပ်ပြောတာမယုံဘူးဆိုမှတော့ ကိုယ့်ဘာသာအပေါ်တက်ပြီး သွားရှာချေ 》
ယင်းကျားမင်က အခန်း ၂၀၅ ရှိစုံတွဲကို ထွက်ပြေးတာရော ရဲကိုဖုန်းခေါ်တာပါမလုပ်နိုင်အောင် တုပ်နှောင်ထားခဲ့၏ ။ ထို့နောက် အဘိဓါတ်စာအုပ်ပါသော ကျောပိုးအိတ်ကို ပုခုံးထက်၌ လွယ်လျက် အခန်းထဲမှ အမြန်ထွက်ခွာတော့သည် ။
အခန်းထဲမှ မထွက်ခင် နံရံပေါ်မှ နာရီကို တစ်ချက်ကြည့်လိုက်ရာ အချိန်က ၆နာရီထိုးဖို့ ၅မိနစ်အလို ။
အပြင်ဘက်တွင်တော့ မိုးစင်စင်လင်းလို့နေ၏ ။ လမ်းဘေးပျံကျစျေးသည်များကလည်း မနက်စာရောင်း ၊ လယ်သမားများကလည်း ခြံထွက်သီးနှံ နှင့် သားငါးတို့ကိုရောင်းကာ ၊ အလုပ်သမားတို့ကလည်း သတင်းစာ နှင့် နွားနို့လိုက်ပို့နေကြပြီး အလုပ်စောစောသွားရမည့် စာရင်းကိုင်ဝန်ထမ်းများကလည်း လမ်းထဲတွင် ထွက်လာစပြုကြချေပြီ ။
ယင်းကျားမင်အလျင်လိုနေပြီဖြစ်၍ ကော်ရစ်တာကို မြန်မြန်သွားကာ လှေကားအဆင်းကို ဦးတည်လိုက်သည် ။
ပထမထပ်၌ လူသူထွက်ပေါ်မလာသေးဘဲ ပိုင်ရှင်၏ အခန်းကလည်း တံခါးတင်းတင်းပိတ်ထားကာ ကြည့်ရသည်မှာ အိပ်မောကျနေသေးပုံရ၏ ။
ယင်းကျားမင် ခပ်မြန်မြန်ပဲ သံပန်းတံခါးရှိရာသို့သွားကာ သော့ဖွင့် ၊ ချိန်းကြိုးဖြည် ၊ တံခါးဖွင့်ကာ တိုက်ခန်းထဲမှ ထွက်လာလိုက်သည် ။
_အားလုံးက ချောချောမွေ့မွေ့ဖြစ်နေပုံပင်...
ယင်းကျားမင် သက်ပျင်းချကာ အင်္ကျီကော်လံကို ဆွဲတင်ပြီး ခေါင်းငိုက်စိုက်ချလျက် ခပ်သွက်သွက်လမ်းလျှောက်သွား၏ ။
သို့သော်လည်း သူခြေလှမ်းအနည်းငယ်သာ လှမ်းရုံရှိသေးသည် ၊ သူ့အနောက်မှ ပြတင်းပေါက်တံခါးက ဖွင့်သံကြားလိုက်ရ၏ ။ လူအိုကြီးက ပြတင်းပေါက်နားရပ်ကာ လမ်းထဲကို ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည် ။
" ယင်းကျားမင်က ဒီမှာဟေ့... ! ယင်းကျားမင်က ဒီမှာ ...! "
___သေစမ်း!!
ယင်းကျားမင် ချွေးစေးများပင်ထွက်လာ၏ ။
ပိုင်ရှင်က အသက်ခုနှစ်ဆယ်အရွယ်လောက်ရှိနေပြီဖြစ်သော်လည်း လမ်းနှစ်လမ်းစာလောက်ကျော်ပြီး ကြားနိုင်လောက်သည့် အသံအားကို ပိုင်ဆိုင်ထားသည် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / ThrillerCP: ယင်းကျားမင် × ယဲ့ဟွိုင်ရွေ့ Author : လွီကျီကျီ ( 吕吉吉 ) Chapter : 102 + 19 extra I don't own this story. All credits to original author.