《 အားဟူကိုသတ်လို့ ဘာအကျိုးအမြတ်ရမှာလဲ ...》
" ကိုယ်မှတ်မိပါသေးတယ် ... အားဟူအလုပ်ဝင်တာသိပ်မကြာသေးတဲ့အချိန်တုန်းကဆို သူပြဿနာအကြီးကြီးတက်နေပြီဆိုတာကို ကိုယ်ကြားလိုက်ရတုန်းက တကယ်ပဲ ... "
ယင်းကျားမင်က ယဲ့ဟွိုင်ရွေ့၏ ဘေးတွင်ထိုင်လျက် သူ့ကိုအဖော်ပြုပေးနိုင်ခဲ့သည့် တစ်ယောက်တည်းသောသူ အားဟူအကြောင်းကို ပြန်ပြောနေမိ၏ ။
ဤမှတ်ဉာဏ်များက အသေးအဖွဲသာဖြစ်သော်လည်း ယင်းကျားမင်က စိတ်အားထက်သန်စွာပြောပြီး ယဲ့ဟွိုင်ရွေ့ကလည်း စိတ်ပါလက်ပါနားထောင်ပေးသည် ။
" ဒါပေမဲ့လည်း ဒါက သူ့ရဲ့အမှားတော့ မဟုတ်ပါဘူး ... အဲ့ဒီနိုင်ငံခြားနှစ်ယောက်ကသာ သူ့ကို တွန်းအားပေးခဲ့တာ... အားဟူ လက်ပါမိအောင် တွန်းအားပေးလိုက်တာ ... "
ယင်းကျားမင်၏ မှတ်ဉာဏ်ထဲတွင်တော့ အားဟူက ရိုးသားခေါင်းမာပြီး အမြဲတမ်းလိုလိုစိတ်လိုက်မာန်ပါဖြင့် ပြဿနာရှာမိတတ်သော်လည်း သစ္စာရှိဖြောင့်မတ်သောသူဖြစ်၏ ။
ဟိုတယ်၌ အားဟူ လုံခြုံရေးအဖြစ်ခန့်အပ်ခံရချိန်တွင် သူတာဝန်ကျသည့် တစ်ည၌ နိုင်ငံခြားဧည့်သည်နှစ်ယောက်က ကော်ရစ်တာတွင် အမျိုးသမီးအစောင့်တစ်ယောက်အား အနိုင်ကျင့်နေတာကို ဖမ်းမိခဲ့သည် ။
ထိုလူများက အနည်းငယ်သောက်စားထားပြီး သူတို့ဇာတိနိုင်ငံ၏ နိုင်ငံသားဟူသော ဘဝင်မြင့်စိတ်ဖြင့် အမျိုးသမီးငယ်တစ်ယောက်ကို သူတို့၏ အခန်းထဲဝန်ဆောင်မှုလိုက်ပေးဖို့ အတင်းဆွဲသွင်းရန် ကြိုးပမ်းကြသည် ။
ထိုအချိန်တွင် မိန်းကလေးက အထိတ်တလန့်ဖြင့် အော်တောင်မငိုနိုင်တော့ချေ ။ သူမ၏ ခြေထောက်များက အားနည်းကာ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ဘဲ သူမကို တစ်ဖက်ဆီဆွဲခေါ်လာသော အရပ်ရှည်ရှည်အမျိုးသားနှစ်ယောက်ကို သနားညှာတာရန် တောင်းပန်နေရ၏ ။
ထိုအချိန်တုန်းကတော့ ထိုကဲ့သို့ကိစ္စမျိုးက အဆန်းတကြယ်ပင် မဟုတ် ။
ထိုကဲ့သို့အဖြစ်မျိုးကို မိန်းကလေးတစ်ယောက် ကြုံတွေ့ရပါက သူမမှာ တရားမှုကို ရှာဖွေရန်နည်းလမ်းမရှိရုံသာမက နစ်နာကြေးယွမ်၂၀၀ လောက်ရလျှင်ပင် တစ်ဖက်က အလွန်ရက်ရောပေးသည်ဟု ပြောလို့ရ၏ ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)