ဆိုင်လေးကအသစ်မို့လို့ပဲလားမသိ။ အပြင်မှာ သစ်လွင်နေသလို အတွင်းမှာလည်း သူ့ပစ္စည်းနဲ့သူစနစ်တကျ သပ်သပ်ရပ်ရပ်။ ဝင်ဝင်သွားချင်း ညာဘက်ထောင့်ကနေ ဘယ်ဘက်ထောင့်အထိ recycleပစ္စည်းတွေဖြစ်တဲ့ လက်ကိုင်အိတ်တွေ၊ ကော်ဖီအိတ်ခွံနဲ့လုပ်ထားတဲ့ဆွဲခြင်းတွေ၊ ထီးစတွေနဲ့ချုပ်ထားတဲ့ ဦးထုပ်တွေ၊ အသုံးပြု ပြီးသား ရေသန့်ဘူးခွံတွေနဲ့လုပ်ထားတဲ့ ကလေးကစားစရာအရုပ်တွေ . . စသည့် recycleပစ္စည်းအစားစားကိုတွေ့ရသည်။
ပစ္စည်းတင်သည့် စင်တွေနဲ့လမ်းလယ်ခေါင်မှာ ချိတ်ထားတဲ့အိတ်တွေကိုဖြတ်ပြီး ကောင်တာဆီ တည့်တည့်မတ်မတ်လျှောက်သွားလိုက်၏။ ကောင်တာမှာ အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်ထိုင်နေတာတွေ့ရပြီး သူ့ဘေးမှာ အကူမိန်းကလေးတစ်ယောက်ရပ်ကာ ဈေးဝယ်သူတွေကို ငွေရှင်းပေးနေတာ တွေ့ရသည်။
တွေ့ရာအိတ်တစ်ခုကိုကောက်ဆွဲပြီး ရောင်လွှာပါ ရောယောင် တန်းစီလိုက်သည်။ စိတ်ထဲမှာပြောရမည့်စကားတွေကို ကြိုစီစဉ်နေပေမယ့် ဘာကမှခေါင်းထဲက စနစ်တကျထွက်မလာ. .
"မင်္ဂလာပါ"
ရောင်လွှာ့အလှည့်ရောက်တဲ့အချိန်မှာ ကောင်တာက အစ်မက ထုံးစံအတိုင်းနှုတ်ဆက်သည်။ ပြန်တော့နှုတ်မဆက်မိပါ။ ဂျပန်လိုဆိုရင်တော့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် နှုတ်ဆက်စကားထွက်လာတတ်ပေမယ့် မရင်းနှီးသေးတဲ့ မြန်မာတွေရဲ့အနွေးဓာတ်က ရောင်လွှာ့ဆီဝင်ရောက်ဖို့ ကြိုးစားဆဲ. . .
"အဲ"
ရောင်လွှာကောင်တာပေါ်တင်ပေးလိုက်တဲ့အိတ်ကိုကြည့်ပြီး ထွက်ကျလာသည့် အာမေဋိတ်သံဖြစ်သည်။ ရောင်လွှာကဖြင့် ဘာအိတ်ဆွဲလို့ဆွဲမိမှန်းတောင်မသိ။ တကယ်တမ်းကြည့်မိမှ အဘွားကြီးတွေကိုင်သည့် 19ရာစုက ပုံတုံးကြဖြစ်နေလေသည်။
"ဒီအိတ်ကိုကောင်မလေးကိုပေးမယ်လို့တော့မပြောနဲ့နော်"
ဖော်ရွေပုံရသည့်ကောင်တာက အစ်မကအရွှန်းဖောက်သည်။
"မ. .မဟုတ်ပါဘူး. . .အဘွားတစ်ယောက်ရှိတယ် သူ့ကိုပေးမလို့"
"သြော်"
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode