Chapter - 27

4.1K 438 113
                                    

ရှေ့ကလျှောက်ပါဟု လမ်းပြပြီးမှ လမ်းမမှားရအောင် ဘေးချင်းယှဉ်ရက်အနေအထားကနေ ကပ်လိုက်လာတဲ့သူက ရောင်လွှာ့ကောင်းကင်မှာလမ်းပြနေတဲ့ ဓူဝံကြယ်တစ်ခုနဲ့မခြားတဲ့ အလင်းဓာတ်ကို ဖြာချပြသည်။ တစ်ခါမှဆုပ်ကိုင်ခွင့်မရခဲ့တဲ့လက်ဖဝါးပြင်တစ်ခုဟာ မနီးမဝေးမှာရှိနေပေမယ့် ဆုပ်ကိုင်ဖို့ကို မကြိုးစားမိခြင်းဟာ . . . ရောင့်တက်နိုင်လွန်းတဲ့ ရောင်လွှာ့စိတ်ကိုသူ့၏ နူးညံ့စွာပုံသွင်းမှုကြောင့်ပေပဲလား. . .

ရောင်လွှာ့ဘဝမှာ သူနဲ့ပက်သက်မှပဲ . . ရောင့်ရဲမှုဆို
သည့် အနက်အဓိပ္ပာယ်ရဲ့ခက်ဆစ်ကို ကျေကျေညက်ညက်ကျက်မိထားတဲ့ ကျောင်းသားတစ်ယောက်လို
"သူဘေးမှာရှိနေရင် . . .အရာအားလုံး. . ."ဆိုတဲ့ ပညတ်ချက်နဲ့ သိမ်မွေ့စွာ ပျော်ဝင်သည်။

စေညွှန်ဆိုတာ. . .ဟုတ်ပါတယ်. . .သူ့ရဲ့အဖြူ ရောင်ကို ဘေးကလူတွေအထိလင်းစေတတ်တဲ့လူမျိုး. . .

ကျွန်တော်. . .ချစ်မိတဲ့လူက. . .ဒီလိုမျိုး. . .

"ဒီကျောင်းမှာ နှစ်တိုင်းရှိနေတာလား"

"တစ်နှစ်မှတစ်ရက်ပါ"

တိုက်ဆိုင်သွားတာဟူသည့်စကားကို သူဆက်မသုံးပါ။ တကယ်တမ်းမှာလည်း တိုက်ဆိုင်ခြင်းမဟုတ်။ ရောင်လွှာကိုယ်တိုင်ကိုက တမင်ဒီကိုလာတာပဲမဟုတ်ဘူးလား။ ရှက်ဖို့ကောင်းအောင် သူ့ရှေ့မှာမှ သူများကားမှန်ကို ရိုက်ခွဲမိရတယ်လို့။

ရောင်လွှာ့ကိုမှတ်မိနေတဲ့ဆရာမလေးတွေကတော့ ဒီတစ်နှစ်လည်းထပ်ပေါ်လာတာကို အံ့သြသလိုရှိပေမယ့် အိမ်ရှေ့မင်းတိုင်းခန်းလှည့်လည်သလိုမျိုး ခရီးဦးကြိုနေလိုက်ကြတာ။

"ကျောင်းအပြင်မှာ ယာဉ်တိုက်မှုဖြစ်တယ်ကြားလို့ ထွက်လာတာ မင်းကနှစ်တိုင်း ကိုယ်သွေးစစ်တာကို နှောက်ယှက်ချင်တာပဲ ယုန်ပေါက်"

တိုက်ဆိုင်မှုတွေရေတွက်ရရင်ဖြင့်လည်း. . .
တိုက်ဆိုင်တိုင်းသာ ဖူးစာဆိုရင်လည်း. . .
သူနဲ့ရောင်လွှာ အကြင်လင်လင်ဖြစ်နေတာ
ကြာလောက်ပြီ အဟုတ်။
တကယ်ကတော့ နှစ်ဖက်တီးမှမြည်တဲ့လက်ခုပ်ကို အရူးလိုလိုအပေါလိုလိုနဲ့ ရောင်လွှာတစ်ယောက်တည်း ကိုယ့်လက်နှစ်ဖက်ကိုယ်သုံးပြီး တစ်ဖြောင်းဖြောင်းချနေတာ။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now