Chapter - 22

3.9K 445 60
                                    

လအနည်းငယ်ခြောက်ကပ်နေခဲ့သောအိမ်သည် ယောကျာ်းလေးနှစ်ယောက်နေဖြစ်သွားသည်မို့ အရမ်းကြီးစိုစိုပြည်ပြည်ဖြစ်သွားတယ်ဆိုတာမျိုးထက် စကားသံတစ်ချို့. . သီချင်းသံတစ်ချို့. . .တီဗီဖွင့်ထားတတ်သည့်အသံတစ်ချို့ပိုပိုသာသာကြားယောင်လာရတာပါ။

ရောင်လွှာ သူ့အိမ်ကြီးအိမ်ကောင်းပေါ်ကဆင်းလာပြီး ဒီလိုအိမ်သေးသေးမှာ လာနေရတာ ဘယ်လိုနေလဲတော့မသိပေမယ့် စေညွှန့်အတွက်ကတော့ ကလေးတစ်ယောက်မွေးထားရတဲ့အဖေလို အလုပ်တွေပိုလာသည်။ အရင်က ထမင်းဆိုချက်ချင်မှချက်သည်။ စားချင်မှလည်းစားသည်။ အဆင်မပြေရင် ဆေးရုံကန်တင်းက ပေါင်မုန့်လေးတစ်လုံးလောက်နဲ့ တစ်နေကုန်ရင်ခံနေတာမျိုး. . .

အခုတော့ အိမ်က အစားသောင်းကျန်းတဲ့သတ္တဝါလေးကို တစ်နေ့ထမင်းသုံးနပ် မှန်မှန်ကျွေးဖို့ မနက်ရော ညရောချက်ရသည်။ တစ်ခါတစ်လေ ညလယ်စာဆိုတာက ပါတတ်သေး. .။ ဆယ်တန်းဖြေမယ့်ကျောင်းသားမို့ ဦးနှောက်အလုပ်လုပ်နိုင်ဖို့ စားသလောက် ကျွေးရန်က အဓိက။

ပိုဆိုးတာက ဆေးရုံမှာပဲ ကြုံသလို ထိုးအိပ်လို့မရတော့ဘဲ အိမ်ကိုပြန်ပြန်လာရတာဖြစ်၏။ night dutyရှိတဲ့ညတွေတောင် တစ်ယောက်တည်း ထားခဲ့ရတာ စိတ်မဖြောင့်တော့။ အရင်က သူခိုးတွေဘာတွေ တစ်အိမ်လုံး မြေလှန်ခိုးတာတောင် စိတ်မပူခဲ့တဲ့အိမ်ကို အခုတော့ လည်ပင်းတစ်ဆန့်ဆန့် ဖြစ်လာသည်။

ရောင်လွှာ့ကို စာစသင်တုန်းက ပရဟိတအလုပ်တွေ ကွင်းဆင်းကုသရေးခရီးတွေအကုန်လက်လွှတ်ခဲ့ရသလို အခုအိမ်ပေါ်ပါရောက်လာသည့်အခါ ဆေးရုံမှာတောင် စိတ်ဖြောင့် ဖြောင့် မနေနိုင်တဲ့ ရက်တွေလည်းတိုးလာသည်။

"ဆရာရယ် ယောကျာ်းလေးပဲဟာ နေတတ်ပါတယ် သူ့ဟာသူ ဆရာ့ကြည့်ရတာ လောလောလတ်လတ်အိမ်ထောင်ကျထားတဲ့ အိမ်ထောင်ဦးစီးကြီးကျနေတာပဲ"

သူနာပြုလေးတွေ ပြောသည့်စကားဖြစ်ပါ၏။

ယောကျာ်းလေးမို့လို့ဆိုပေမယ့် အိမ်ကိုနေ့တိုင်းလိုလို ဗုံးကွဲစတိုင်ဖွဖွထားနိုင်သည့် ရောင်လွှာ့ကြောင့်ပြောရဆိုရတာ ပင်ပန်းသည်။ သို့သော် စာကိုအနီးကပ်ပြပေးနိုင်တော့လည့်း ကျေနပ်ရပြန်သည်။ ရောင်လွှာ့အဘွားကလည်း အရင်လိုလမ်းပေါ်တက်ရန်ဖြစ်တာမျိုး . . . အိမ်ပြန်မလာဘဲ လျှောက်သွားနေတာမျိုး . . သူများရန်ပွဲတွေထဲဝင်ပါပြီး နှုတ်ခမ်းကွဲဒူးပြဲလာတာမျိုးမရှိတော့၍ လားမသိ။ သာသာယာယာပင် စေညွှန့်လက်ထဲ သူ့မြေးကို ထိုးအပ်ထားသည်။ သူ့မြေးနေစရိတ်စားစရိတ်နဲ့လောက်လောက်ငငကာမိအောင် လစာကိုပါတိုးမြှင့်ပေးထားတော့တာ။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now