Chapter - 52

2.9K 291 89
                                    

ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်. . .

ဘယ်ဘုရားဝင်ဝင်. . .ဘယ်သူပဲဘေးမှာရှိရှိ . . . စေညွှန့်ပစ္စုပ္ပန်ဟာ ဝိဥာဉ်ကွာနေသလို။ သူဆက်ဆံရေးကျဲနေလည်း ဘေးက ချစ်စရာဆရာမလေးဖြူ သက်ဝင်းကတော့ တစ်ကောက်ကောက်ပါသည်။ သဘောတူတယ်တော့မဟုတ်ပေမယ့် ခန့်လင်းထွဋ်ဝင်မရှုပ်ပါ။ ဒီကလေးမဘယ်လောက်ကြိုးစားနေနေ စေညွှန်ဆိုတာက ပန်းဆိုတစ်ပွင့်တည်းကိုပဲ သေသည်အထိပန်မယ့်ကောင်။ အဲ. . .ရောင်လွှာက ရုပ်ကလွဲရင် ပန်းနဲ့လုံးလုံးမတူပေမယ့်ပေါ့။

ဘယ်ရောက်ရောက် အသေကောင်လိုငေါင်စင်းစင်းနဲ့။ လူနာတွေနဲ့စကားပြောနေတုန်း ဒီလိုမဖြစ်တာကိုပင် ကျေးဇူးတင်ရမည်လားပဲ။ ရောင်လွှာကတော့ ငိုနေတယ်ဆိုတော့ သူ့လို ငုံစိစိလုပ်မနေဘဲ ပေါက်ထွက်သည့်သဘောတရားဖြစ်မည်။ ဒီကိုထွက်မလာခင် သွားတွေ့ဖို့ကြိုးစားတုန်းကတော့ ဆေးသောက်ပြီးအိပ်ပျော်နေတာနဲ့တိုးသည်မို့ ရောင်လွှာနဲ့တွေ့ခွင့်မရခဲ့။

ထက်မြက်ပြီးဘာမဆိုဖြေရှင်းနိုင်မယ့်တည်ငြိမ်တဲ့စေညွှန်နဲ့. . . သွက်သွက်လက်လက်နဲ့လိုတာကိုရအောင်ယူတတ်တဲ့ရောင်လွှာ. . .ဒီအဟောင်းနှစ်ယောက်ကို ခန့်လင်းထွဋ် သတိရပါသည်။

ခွဲနေတာက ဖြေရှင်းချက်တဲ့လား .  .

"အယောင်နှစ်ကူး"(အရူးနှစ်ကောင်)

"ရှင်?"

ရွှေစည်းခုံဘုရားစောင်းတန်းထဲ ငုတ်တုတ်မေ့ပြီး ဘုရားကိုမော့ကြည့်နေတဲ့ စေညွှန့်ကျောပြင်ကို လှမ်းကြည့်ရင်း ခန့်လင်းထွဋ် ခပ်တိုးတိုးရေရွတ်မိသွားတော့ ဘေးမှာရှိတဲ့ ဆရာမလေး ဖြူ သက်ဝင်းက အာမေဋိတ်သံပြုသည်။

"ဘာမှမဟုတ်ပါဘူး ဟဲဟဲ"

ဆရာမလေးက အူလည်လည်လေးပြုံးပါ၏။

"ဆရာစေညွှန့်ကိုကြည့်ရတာ ရောက်ကတည်းကအဲလိုပဲ"

"သူနဲ့တွေ့တာ တစ်လပဲရှိသေးတယ်မလား ဆရာမကြည့်ရတာ စေညွှန့်ကိုတော်တော်ခင်တဲ့ပုံပဲ"

"ခင်တာပေါ့ အစ်ကိုရယ် သူရောက်ရောက်လာချင်းရက်က ညီမလူနာတစ်ယောက်ကို ရောဂါနာမည်မှားတပ်ပြီး အိမ်ပြန်လွှတ်တော့မလို့ ဘယ်သူမှသတိမထားမိဘူး အဲတာကိုသူထောက်ပြတာ ဆရာသာမကယ်ရင်အဲဒီလူနာဘာမသိညာမသိနဲ့သေမှာပဲ"

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeTempat cerita menjadi hidup. Temukan sekarang