အဲဒီနေ့က ထုံးစံအတိုင်း မိုးတွေအုံ့သည်။
မိုးဖြူ တို့မစဲတတ်သလို မိုးမည်းသည်လည်းမရွာတတ်တာမို့ မိုးရိပ်မိုးငွေ့တို့လွှမ်းနေသည့် ပတ်ဝန်းကျင်မှာတောင် မိုးစက်တွေနှင့်ထိထွေ့ခွင့်မရသည့် အရွက်နုလေးတွေသည် ကြွားဝင့်ချင်ဟန်ဖြင့် သစ်ခက်စိမ်းတို့ကြား မိုးနတ်မင်းဆီ မော့ကြည့်နေကြ၏။
ရောင်လွှာနဲ့စတွေ့တဲ့နေ့မှာ စေညွှန်တို့ခြံထဲရှိ စွယ်တော်ပင်ကြီးက ထိန်ထိန်ဝေအောင် ပန်းပွင့်နေခဲ့သည်။ သင်တန်းတစ်ခုကနေ ပြန်လာတဲ့စေညွှန်က ထိုကလေးပေါက်စကို ခြံရှေ့မှာ ကျောက်ရုပ်တစ်ရုပ်လိုရပ်ရင်း စွယ်တော်ပင်ကြီးကို ပါးစပ်ဟောင်းလောင်းနဲ့ ငေးကြည့်နေတာကို ကြုံရသည်။
အနည်းငယ်ရှည်ချင်နေတဲ့ အုံးမုတ်ခွက်ကေဆံပင်က အနောက်ကိုမော့ချိုးထားတဲ့ ဂုတ်သားတို့ဆီမှာ ထောက်နေသည်။ အဝါရောင်တီရှပ်က ပါးလှပ်လှပ် ခန္တာကိုယ်အပေါ်ပိုင်းအပြင် တင်ပါးအထိပါဖုံးကျလို့နေ၏။ ကာကီရောင်ဘောင်းဘီအောက်က ခြေသလုံးသားတို့ဆီက အနီစင်းကြောင်းတို့ကို မြင်တဲ့အခါ စေညွှန်အနည်းငယ် မျက်မှောင်ကုတ်မိသည်။
ဒါဘာကောင်လေးပါလိမ့်. . .
ဝသီအတိုင်း အသံမပေးမိဘဲ သူ့ဆီလှမ်းလျှောက်သွားတဲ့အထိ အဲဒီကောင်လေးဟာ ဇက်ကျိုးတော့မလို စွယ်တော်ပင်ကိုမော့ကြည့်နေတုန်းပါပဲ. . .ရှေ့မှာ ပိတ်ရပ်လိုက်သည့်အခါမှ သူ့အရပ်က ရောင်လွှာ့ခါးနားမှာတင်ရပ်သွားတာကို သတိထားမိသည်။ မျက်နှာတစ်ဝက်လောက်ကို ပြူးကျယ်နေသည့် မျက်လုံးဝိုင်းတို့က အထိတ်တလန့် စေညွှန့်ဆီရောက်လာပြီး စက္ကန့်ပိုင်းလောက် ကြောင်အမ်းသွားရှာသည်။
ပါးစပ်ဟောင်းလောင်းဟကာကြည့်နေသည့် ထိုကလေးကို နှုတ်ဆက်ဖို့ နှုတ်ခမ်းပြင်လိုက်တဲ့အချိန်မှာပဲ . . .
"ဝှီး. . ."
အာရုံစိုက်နားထောင်ပါက လေထုကိုဘောလုံးတစ်လုံးဖြိုခွဲထွက်သွားသလို အသံမျိုးကိုပါ ကြားရလောက်သည်အထိ ထိုကလေး ထွက်ပြေးသွားတော့သည်။ အူကြောင်ကြောင်ရပ်ကျန်ခဲ့ရတာကတော့ စေညွှန်သာဖြစ်လေ၏။
YOU ARE READING
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode