အခန်းတံခါးဝမှာ တစ်ယောက်ယောက်ရောက်နေတယ်ဆိုတာကို သတိထားမိချိန်မှာ ခန့်လင်းထွဋ်တစ်ယောက် သန်လျင်မြို့အမှိုက်ကင်းစင်ရေး projectတစ်ခုအတွက် အလုပ်ရှုပ်နေသည့်အချိန်ဖြစ်သည်။ လက်ထဲက ကော်ဖီခွက်ကိုချပြီး တံခါးဝဆီ လျှောက်သွားတဲ့အချိန်ကျမှ တံခါးကို လက်ဖဝါးနဲ့ တစ်ဖြန်းဖြန်းပုတ်သံက ထွက်လာ၏။
"တံခါးမခေါက်ဘဲနဲ့ဘာလို့ရိုက်နေ. . ."
တံခါးကိုဆွဲဖွင့်ပြီး အရှေ့တည့်တည့်ကို ကြည့်လိုက်တဲ့အခါမှာ ဘယ်သူမှရှိမနေ. . .အူကြောင်ကြောင်ဖြစ်မိသွားပြီးမှ. .
"ငါပါ"
အသံထွက်လာရာက အောက်က. . .ငုံ့ကြည့်လိုက်တော့ ရန်နိုင်ဆိုတဲ့ ငလူးလေး. . .
"ပြောစရာရှိလို့လား"
"အေး"
ပြောပုံဆိုပုံက အခုထိတစ်စက်လေးမှ မပြောင်းသေး။ ပြီးပြီးရော တစ်ဟင်းဟင်းဖြင့်သာ ရယ်ပြလိုက်ရသည်။ အခန်းထဲခေါ်ပြီး ထိုင်ခုံမှာ ထိုင်ခိုင်းတော့လည်း ဝင်ထိုင်ပုံက ရိုရိုကျိုးကျိုးသာ. . .ဒီကောင်လေး အပြောအဆိုကပဲ ရိုင်းတာလား. . .။
"ဘာသောက်ချင်လဲ"
ခေါင်းယမ်းပြပေမယ့် အသင့်သောက် ဒိန်ချဉ်တစ်ဘူးကို ရေခဲသေတ္တာထဲက ထုတ်ပြီး သူ့ရှေ့စားပွဲပေါ်မှာ ချပေးဖြစ်သည်။
"ဘာပြောမလို့လဲ"
"ငါအိမ်ပေါ်ကဆင်းတော့မယ်"
ဆင်းပေါ့. . .အဲတာခန့်လင်းထွဋ်နဲ့ဘာဆိုင်တုန်း. . .
"ညီမလေးကိုဒီမှာအလုပ်ခန့်ပေးနိုင်မလားလို့"
"ဘယ်လို?"
"ဒီမှာ အလုပ်ရရင် နေစရာရော စားစရာရောပေးတယ်ဆိုလို့ ညီမလေးကငယ်သေးပေမယ့် သန့်ရှင်းရေးတွေဘာတွေကောင်းကောင်းလုပ်တတ်ပါတယ် ပြီးတော့ ငါတို့နှစ်ယောက်လစာမယူဘဲနေပါ့မယ် အရင်တစ်ခေါက်အိမ်မီးလောင်သွားပြီးတော့ အဖေကအိမ်ကိုပြန်ပြင်ပြီးနေနေပေမယ့်. . .ငါညီမလေးကို အဖေနဲ့ဆက်မထားချင်တော့လို့"
ဒီအခြေအနေကတော့ နည်းနည်းကြီးကျယ်သည့်အနေအထားဖြစ်သွားပြီ။ အိမ်ပေါ်ကဆင်းမယ်ဆိုတာကို ခန့်လင်းထွဋ်ထင်လိုက်တာ သူတို့ကိုကြည့်ရှုစောင့်ရှောက်ပေးမယ့် အကြီးအကဲ တစ်ယောက်ယောက်နဲ့သွားနေလောက်မည်ဟူ၍။ အခု အဲဒီအကြီးအကဲနေရာက ဒီကလေးပြောပုံအရဆို ခန့်လင်းထွဋ်ကိုဆိုလိုတာလား။
VOUS LISEZ
တမ်းချင်း( Wind to the past ) (Completed) Zawgyi+Unicode