Chapter - 42

2.6K 320 74
                                    

"အခြေအနေ?"

မဖြေပါ. . .အခုထိမီးခိုးမှိုင်းတွေပေကြံနေသေးတဲ့ အင်္ကျီကိုလည်းမလဲရသေး။ မျက်နှာလေးတောင်ထမသစ်။ ရောင်လွှာ့လက်ကို ဆုပ်ကိုင်ထားရင်း အသေကောင်လို ငုတ်တုတ်ထိုင်နေသူကို ခန့်လင်းထွဋ်လည်းဘာဆက်ပြောရမှန်းမသိ။

တကယ်ဆို အခန်းထဲမှာ ပိတ်မိနေတာက စေညွှန်. . .အသက်ရှူ လမ်းကြောင်းထဲ မီးခိုးတွေတော်တော်များများရှိုက်ထည့်ထားတာကလည်း စေညွှန်. . .မီးလောင်ဒဏ်ရာတွေရထားတာကလည်း စေညွှန်. . .ဒါပေမယ့် ကုတင်ထက်လှဲနေတာက ရောင်လွှာရယ်တဲ့လေ. . .။

ဘာဖြစ်မှန်းမသိပေမယ့် အပြင်ဘက်တံခါးနံရံကိုမျက်နှာအပ်ပြီး ရင်ဘတ်ကိုတစ်ဖုန်းဖုန်းထုရင်း အသက်မနည်းရှိုက်နေရတဲ့ ဟိုကလေးကို မီးသတ်သမားတွေပွေ့ထုတ်သွားပြီးနောက် စေညွှန်ပိတ်မိနေတဲ့တံခါးကိုဖျက်ဝင်ရသည်။ နံရံမှာမှီထိုင်ရင်း အသက်မြော့မြော့ကိုမျှင်းရှူ နေရတဲ့ စေညွှန်က အဲဒီအချိန်မှာတောင် "ရောင်လွှာ"ဆိုတဲ့ နာမည်တစ်ခွန်းတည်းကိုရွတ် နေခဲ့တာ။ ဒီလိုမေတ္တာတရားမျိုးလောကကြီးမှာရှိသတဲ့လား. . .။

သူကိုယ်တိုင်သေမလိုဖြစ်နေတဲ့ကြားထဲက အသိစိတ်လွတ်နေတဲ့ ရောင်လွှာ့ကို ဘယ်ဆရာဝန် ဘယ်ကယ်ဆယ်ရေးမှ အထိမခံဘဲ သူ့ရင်ခွင်ထဲပွေ့ပြီး နာမည်ကိုပဲတစ်တွတ်တွတ်ခေါ်ရင်း သတိဝင်လာအောင်လုပ်ပေးနေတဲ့ စေညွှန့်ရဲ့ခေါင်းမာတဲ့ကောင်လေးတစ်ယောက်လိုဘက်ခြမ်းကိုမြင်ဖူးခဲ့တာလည်း ပေါင်းလာတဲ့ သက်တမ်းတစ်လျှောက် ဒါပထမဆုံး။ ဘေးလူတွေအမြင်မှာ သူကိုယ်တိုင်လည်းအသိစိတ်လွတ်နေတယ်ထင်ရပေမယ့် တကယ်တမ်းက ရောင်လွှာဘာဖြစ်နေလဲဆိုတာ တပ်အပ်သိနေတာလည်း သူတစ်ယောက်တည်း။

အသက်ရှူ လမ်းကြောင်းထဲ မီးခိုးဝင်လို့ အသက်ရှူ ကြပ်တယ်ထင်ပြီး ကူညီဖို့ကြိုးစားနေတဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေကို "မဟုတ်ဘူး မလိုဘူး"ဆိုတာတွေကိုပဲ ဆက်တိုက်ပြန်ရွတ်ပြနေခဲ့တာ ဘာကြောင့်လဲမသိခဲ့ပေမယ့် အခု ခေါင်းငိုက်စိုက်ကျနေတဲ့ စေညွှန့်ပုံစံကြောင့် ရောင်လွှာအသက်ရှူ ကြပ်တာ မီးခိုးငွေ့ကြောင့်မဟုတ်ဘဲ phobiaကြောင့်ဆိုတာ ခန့်လင်းထွဋ် သဘောပေါက်ရသည်။

တမ်းချင်း( Wind to the past ) (Completed) Zawgyi+UnicodeWhere stories live. Discover now