အခန်း(၃၃)

17.1K 2.9K 30
                                    

[Zawgyi]

{ဝင်္ကပါတောမှလွတ်မြောက်ခြင်း}

လင်းမိုရဲ့ လက်တို့က လက်သီးဆုပ်အဖြစ်အသွင်ပြောင်းသွားသည်။ ဒီလိုပြောလာမယ်ဆိုတာ သူခန့်မှန်းထားမိပြီးသားဖြစ်ပေမယ့် တကယ်တမ်းကြားလိုက်ရတော့ သူခံနိုင်ရည်မရှိ။

"လင်းကော၊ ခင်ဗျား ကျွန်တော့်အပေါ်ထားတဲ့ခံစားချက်တွေကို ပြန်ရုတ်သိမ်းလိုက်တာ အကောင်းဆုံးပါပဲ။"

ဒါက ရှောင်ရှင်းရဲ့နောက်ဆုံးစကား။ ရုတ်သိမ်းရမယ်။ ဘယ်လိုမျိုးလဲ။ ဒီခံစားချက်က သူ့ရင်ထဲကဟိုးအနက်ရှိုင်းဆုံးနေရာအထိရောက်ရှိအမြစ်တွယ်နေခဲ့ပြီးပြီ။ တကယ်လို့ ရုတ်သိမ်းစေချင်တယ်ဆိုရင် သူသေသွားမှပဲရလိမ့်မယ်။

လင်းမို ထိုင်နေရာမှထကာ သွမ့်ရုံရှင်းသွားထိုင်နေရာအပင်အောက်ဆီလျှောက်လာလိုက်သည်။ မော့ကြည့်လာသော ရှောင်ရှင်းရဲ့မျက်ဝန်းတွေမှာ သူတစ်ခါမှမတွေ့ဖူးသော အေးစက်စိမ်းသက်ခြင်းတွေကိုမြင်နေရသည်။

"ဘာလို့လဲ?"

လင်းမို မေးလိုက်သည်။

"တစ်ချို့ချစ်ခြင်းတရားတွေက လုံးဝကိုပေါ်ပေါက်မလာသင့်တဲ့ ချစ်ခြင်းတွေပဲ။"

သွမ့်ရုံရှင်းရဲ့စကားကတော့ ခိုင်မာပြတ်သားနေဆဲ။ မလုပ်ချင်ပါဘူး၊ ဒါပေမယ့် ဘာတတ်နိုင်ဦးမှာလဲ။ ယောက်ျားလေးတစ်ယောက်ကိုချစ်မိပြီးဂေးသွားဖို့ဆိုတာ သူဘယ်တုန်းကမှမတွေးခဲ့ဖူးတဲ့ကိစ္စ။ ဒီကမ္ဘာကိုရောက်ပြီးတည်းက အရှက်သိက္ခာဆိုတာ လုံးဝမရှိတော့တာမို့ အနည်းဆုံးတော့ သူ့ရဲ့အဖြောင့်ဆိုတဲ့ဂုဏ်ပုဒ်လေးကို သေသည်အထိဖက်တွယ်သွားသင့်တယ်လို့ သွမ့်ရုံရှင်းထင်သည်။

"ရှောင်ရှင်း...။"

လင်းမိုအသံက အနည်းငယ်အက်ရှရှ။

"ပြောပါ။ ကျွန်တော် နားထောင်နေပါတယ်။"

သွမ့်ရုံရှင်း တကယ်တမ်းတော့ သည်သားကလေးကို ဝမ်းမနည်းဖို့ရာ ကျောကလေးပုတ်ပြီးနှစ်သိမ့်ပေးချင်သည်။ လင်းမိုရဲ့မျက်နှာက ထုံးစံအတိုင်းအပြောင်းအလဲသိပ်မရှိပေမယ့် နက်မှောင်သောမျက်ဝန်းများထဲက နာကျင်နေမှုကို သူမြင်နေရသည်ပဲ။ သည်မျက်ဝန်းများနှင့်အကြည့်ခံနေရသည့်သွမ့်ရုံရှင်းမှာ ကြောင်လေးတစ်ကောင်က သူ့နှလုံးသားကို ခပ်ဖွဖွလာကုတ်နေသလိုခံစားလိုက်ရသည်။ ဝမ်းနည်းမှုတွေနဲ့ နားရွက်ရောအမြီးပါကုတ်နေတဲ့ကြောင်လေး။ နှစ်သိမ့်မှုတစ်စုံတစ်ရာပေးဖို့အတွက်ကလည်း အခု ကျွန်တော်လင်းကောကိုမချစ်နိုင်သေးပေမယ့် နောက်တော့ချစ်လာမှာပါဆိုပြီးပြောဖို့က မဖြစ်နိုင်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now