[Zawgyi]
ဟန်ယွီမော့အလောင်းအား မြေမြုပ်ပေးပြီးနောက်တစ်ရက်တွင်တော့ သူတို့တစ်တွေ ခရီးဆက်ခဲ့ရပြန်သည်။ ချင်းစုမှာ အားနည်းနေသေးသဖြင့် တစ်နေရာတွင်နားကာ သူမအားသေချာပြုစုစောင့်ရှောက်ပေးရန်လိုအပ်သည်။ ခဏအကြာတွင်တော့ သူတို့ စုမေလျန်နှင့်တိုးလေ၏။
"ရုံရှင်း!!"
စုမေလျန်က သွမ့်ရုံရှင်း၏အမည်ကိုခေါ်ကာ သူတို့ထံလျှောက်လာသည်။ လင်းမိုမှာမူ မျက်နှာကြီးမည်းခနဲဖြစ်သွားလေ၏။ မြွေမြွေချင်းမို့ ခြေမြင်သည်လားတော့မပြောတတ်။ စုမေလျန်တစ်ယောက် သူ့အပိုင်လေးကို စိတ်ဝင်စားနေကြောင်း လင်းမိုသိပေ၏။ ထို့ကြောင့်ပင် လင်းမိုမှာ မသိစိတ်၏တုန့်ပြန်မှုအရ သွမ့်ရုံရှင်းလက်ကိုဆွဲ၍ သူ့နောက်ပို့ကာ စုမေလျန်နှင့်သွမ့်ရုံရှင်းအကြားတွင် သူ့ခန္ဓာကိုယ်ကို တံတိုင်းကြီးအဖြစ်ကာဆီးလိုက်လေ၏။
သွမ့်ရုံရှင်းမှာ သူ့အတွေးနှင့်သူဖြစ်ရကား စုမေလျန် သူ့အားနှုတ်ဆက်သည်ကိုလည်းမကြား။
"မိန်းကလေးစု...တိုက်ဆိုင်လိုက်တာ။"
လင်းမိုက ပြောလိုက်သည်။
"တိုက်ဆိုင်တာမဟုတ်ဘူး။ ရှင်တို့ကိုလာရှာတာ။ မိစ္ဆာသောင်းကျန်းနေတဲ့နေရာက ကျွန်မတို့နေရာနဲ့သိပ်မဝေးဘူး။ အစက တစ်ယောက်တည်းသွားဖို့ပေမယ့် တောင်သခင်ယွဲ့က ဆရာ့ကိုဆက်သွယ်ပြီး သူ့တပည့်တွေဒီလာလိမ့်မယ်လို့ပြောတော့ ဆရာက ကျွန်မကို ရှင်တို့နဲ့ပူးပေါင်းဖို့အမိန့်ပေးထားတာ။ ဒါနဲ့ တပည့်တွေအားလုံးလာမှာဆို။ တစ်ယောက်ကို မတွေ့သလိုပဲ။"
စုမေလျန်က အားလုံး၏မျက်နှာများကို သတိမမူမိစွာပြောလာ၏။ ဘယ်သတိမူမိပါ့မလဲ...သူမက လင်းမိုနောက်တွင်ကွဟ်နေသည့် သွမ့်ရုံရှင်းကိုသာ ကြည့်ရန်သဲကြီးမဲကြီးကြိုးစားနေသည်ကိုး။
"ယွီမော့ သေပြီ။"
ကျင်းခန်ထံမှ စကားသံထွက်လာ၏။ ဒီတော့မှသာ စုမေလျန်မှာ ကျင်းခန်ပွေ့ချီထားသည့် ချင်းစုကိုရော၊ အားလုံး၏မသာမယာမျက်နှာထားများကိုရော သေချာသတိထားမိသွားသည်။
ВЫ ЧИТАЕТЕ
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Фэнтези'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies