Chapter (6)

11.3K 1.9K 59
                                    

Unicode

******

နွေခေါင်ခေါင်မှာ ရွာသောမိုးက မထင်မှတ်ပဲ သည်းထန်လွန်းနေခဲ့သည်။ဝင်းဝင်းလက်လက် လျှပ်နွယ်လျှပ်ပန်းခက်တွေဖြင့်တန်ဆာဆင်ကာခြိမ်းခြောက်နေသည့် မိုးခြိမ်းသံတွေက တလောကလုံး သိမ့်သိမ့်တုန်မျှ မြည်ဟီးထစ်ချုန်းစေလျက်။

ခေါင်းမှာ ပတ်တီးဖြူဖြူဖြင့် ကုတင်ပေါ် လဲလျောင်းနေသောကောင်လေးကို ငေးကြည့်ရင်း ဒေါ်ခင်မင်းသွယ် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်စွာ လက်ချောင်းတွေကို အပြန်ပြန် ဆုပ်နယ်နေမိသည်။

ဒီမျက်နှာ...

ထိုစဉ် အခန်းလိုက်ကာစက တချက်လှုပ်ခတ်သွားပြီး ကျေးလက်ဆေးခန်းမှ ဆရာမလေးက အထဲဝင်လာပါသည်။

"ဆရာမ......ဒီကလေး...အခြေအနေ "

ဒေါ်ခင်မင်းသွယ် က ထိုင်ရာက ထကာ ပူပန်မှုဖြင့်မေးခွန်းထုတ်မိသည်။ခုနကတည်းက ဒီကလေးကို ကားပေါ်တင်ပြီး ခေါ်လာကာ ကျေးလက်ကျန်းမာရေးဌာနဟု ဆိုင်းဘုတ်တပ်ထားသည့် အဆောက်အဦလေးကို အမြင်မှာတော့ မထင်မှတ်ပဲ မိုးကြီးလေကြီး ချလေတော့သည်။မလွဲမရှောင်သာ ဆေးခန်းထဲ အားကိုးတကြီးဝင်ပြီး ဆရာမကိုနိုးကာ အကျိုးအကြောင်း ပြောပြရပါသည်။

ကားဖြင့်တိုက်မိသည့် အရှိန်က သိပ်မပြင်းပါ။

ဦးစိန်သောင်းက ဘရိတ်အုပ်မြန်လိုက်တာရော ကောင်လေးက သူ့ကိုယ်သူ မဟန်နိုင်ကာ ပြိုလဲသွားခဲ့တာရောကြောင့် ခေါင်းနဲနဲပေါက်သွားတဲ့ ပြင်ပပွန်းရှဒဏ်ရာက လွဲလို့ ကျန်တာအားလုံးကောင်းနေသည့်ပုံပါပင်။

ဒါပေမယ့် ခုချိန်ထိ သတိမရလာသေးတော့ ဒေါ်ခင်မင်းသွယ် အနည်းငယ် ပူပန်လာရပြီ။သူမစိတ်ကို သိနေသည့်အလား တာဝန်ကျဆရာမလေးက ပြုံးကာ

"ကျန်လိုအပ်တဲ့ X ray တွေဘာတွေရိုက်ချင်ရင်တော့ ရေနံချောင်းမှာပဲအဆင်ပြေလိမ့်မယ် အန်တီ၊ပြင်ပပွန်းရှ ဒဏ်ရာက လွဲရင် တခြားတော့ ဆိုးဆိုးဝါးဝါးမရှိပါဘူး။အရမ်းစိုးရိမ်စရာမလိုပါဘူး၊အရိုးအဆစ်တွေ ကလည်း ပုံမှန်ပဲ၊ကျိူးသွားတာမရှိဘူး၊သူသောက်မိထားတဲ့ အယ်လ်ကိုဟော ပမာဏကြောင့် အိပ်ပျော်သွားတာလည်း ဖြစ်နိုင်ပါတယ်၊ခဏတော့စောင့်ကြည့်လိုက်ပါနော် "

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now